ဘယ်လိုပြောရမလဲပေါ့နော်..
ဒီနှစ်တော့ မရောက်တာကြာပြီဖြစ်တဲ့ (ကြာဆို ၇ နှစ် ရှိပြီဗျ) ဆံတော်ရှင်ကျိုက်ထီးရိုး ခြေတော်ရင်း ကင်မွန်းစခန်းကျေးရွာက အဘွားလေး (အဘွားလေးဆိုတာကလည်း အမေရဲ့ အဒေါ်ပါ.. ဒါပေမယ့် ငယ်ငယ်ကတည်းက အမေတင် လို့ ခေါ်ခဲ့ရလို့ ခုတော့ အမေ လို့ပဲ နှုတ်ကျိုးနေတာလေ.. ) ရဲ့ အိမ်ကို သွားအုံးမှ လို့ တွေးမိပါတယ်.. ပြီးတော့ ပိုးဥလေးတို့မောင်နှမ ကလည်း ကျိုက်ထီးရိုးကို မရောက်ဖူးဘူးလေ.. အဲဒီတော့ ဘုရာလည်းဖူးရင်း မိဘလည်း ကန်တော့ရင်းလို့ အမှတ်ထားပြီး ခွင့်ငါးရက် ယူလို့ ဇာတိဌာနေ ရာမညမြေကို ရွှေနေပြည်မှ ရ ရထားကြီး ပျော်ပျော်စီးလို့ ထွက်ခဲ့ပေါ့.. နေအုံးဗျ.. မထွက်ခင် ပြောရအုံးမယ်..
လက်မှတ်က တစ်ရက်ကြိုဝယ်ရတယ်.. နေပြည်တော် မော်လမြိုင်ရထားကို စီးရတာပေါ့.. အထက်တန်း နဲ့ ရိုးရိုးတန်း လက်မှတ်တွေကြည့်လိုက်တော့ လမ်းဘူတာမှန်သမျှ ရိုးရိုးတန်း မရပါ.. ဒီထက်တောင် မသေချာသေးလို့ ဆိုပြီး ရိုးရိုးတန်းကို မရောင်းသေးဘူးတဲ့.. မော်လမြိုင် တိုက်ရိုက်ဆိုရင်တော့ လက်မှတ်က (၁၀၁) နေရာတောင် ကျန်သေးသတဲ့ .. မထူးပါဘူးကွယ် ဆိုပြီး မိသားစု ငါးယောက်စာ အထက်တန်း ငါးနေရာကို မော်လမြိုင်အထိ ဝယ်လိုက်တယ်.. ကိုယ့်ဘာသာကိုယ် ကျိုက်ထိုရောက်ရင် ဆင်းလိုက်မယ်ပေါ့..
လက်မှတ်ခကတော့ တစ်စောင်ကို (၂၃၀၀ိ) နှုန်းနဲ့ (၁၁၅၀၀ိ) ကျတယ်.. လွယ်လွယ်ကူကူပါပဲ.. တစ်ရက်ကြို နေ့လည် (၂) နာရီ လောက်ကနေ စရောင်းတယ်.. တခုပဲ စိတ်ညစ်ရတာက တန်းစီတဲ့အခါ ရွှေမြန်မာတို့ထုံးစံ အတိုင်း ကြားကဖြတ်တယ်.. ရှေ့ကဖြတ်တယ်.. နောက်က စီနေရတဲ့သူတွေက တစ်နာရီနီးပါးဖြစ်နေပြီ.. ကိုယ်ချင်းမစာကြပါ.. အဲဒီတော့ ကိုယ့်နေရာကို ရှေ့လူ နဲ့ နောက်လူ သက်သေထားပြီး တန်းစီနေရာက ထွက်လိုက်တယ်.. ပြီးတော့ ကြားလာလာတိုးနေတဲ့ လမ်းပေါက်ကို သွားပိတ်လိုက်တယ်.. ဝင်လာတဲ့သူကို မေးတယ်..
ဘယ်သွားမလဲပေါ့.. "လက်မှတ်ဝယ်ဖို့" လို့ ပြောရင် "တန်းစီပါ" လို့ ခပ်မာမာပြောလိုက်တယ်..
"အားလုံးတန်းစီကြတယ်.. ခင်ဗျားလည်း စီပါ" လို့ ပြောလိုက်တယ်.. တချို့ က ပြန်ပြောသေးတယ်..
"VIP ကိစ္စ ကွ" ဆိုပဲ..
ဟဲဟဲ စီခရေဇီကို ဒါမျိုးလာမလုပ်နဲ့
"VIP သေချာရင် ခင်ဗျား ရုံပိုင်ချုပ် ဆီ တန်းပြီးသွား အဲဒီမှာ အပြီးအစီး လုပ်ပေးလိမ့်မယ်.. အများပြည်သူတန်းစီဝယ်တဲ့ နေရာမှာ လူပါးလာမဝနဲ့" လို့ ပြောလိုက်တယ်..
"ပြဿနာထပ်ရှာရင် ဘေးမှာ လုံခြုံရေး ရဲဘော်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေရှိတယ်.. ခေါ်ရှင်းခိုင်းလိုက်ရင် ခင်ဗျား အရှက်ကွဲသွားမယ်"
လို့ ဆိုတော့ အဲဒီကိုယ်တော်ချော မှုန်တေတေနဲ့ လစ်သွားတယ်.. အမှန်ကတော့ သူ ကြားဖြတ်တိုးဖို့ လာတဲ့ အချိန်မှာ ကိုယ်က တားပြီး ပြောနေဆိုနေကတည်းက သူ အရှက်ကွဲပြီးသားပါ.. ရှက်တတ်ရင်တတ်မယ် မရှက်တတ်ရင် မတတ်ဘူး.. သို့သော် VIP လို့ပြောပြီး ကြားဖြတ်တိုးတဲ့ သူက အရပ်ဝတ်နဲ့၊ သူ့ကိုတားတဲ့ စီခရေဇီက အများသူငါလို တန်းစီနေသော်လည်း ယူနီဖောင်းအပြည့်အစုံနဲ့.. ဆက်ပြောရင် တကယ်လုပ်မယ့်ရုပ်ဆိုပြီး လစ်သွားတာ.. တကယ်လို့ လက်သီးလက်မောင်း တန်းလာမယ်ဆိုရင်လည်း အဲဒီအချိန်မှာ ရင်ဆိုင်လိုက်ဖို့ အသင့်ရှိတယ်.. အေးအေးဆေးဆေး အလုပ်မရှုပ်ချင်လို့ တန်းလာစီကာမှ နာရီနဲ့ချီပြီး မကြာသင့်ပဲကြာရတော့ ကိုယ်က စိတ်တိုနေပြီလေ.. ရှင်းလိုက်မယ်လို့ပဲ တွေးထားတယ်..
တစ်ယောက်နှစ်ယောက်နဲ့ ပြဿနာ တက်ပြီးတော့ ကျန်တဲ့သူတွေလည်း တန့်သွားတယ်.. လုံခြုံရေးရဲဘော်တွေလည်း နည်းနည်းတော့ ကွက်ကြည့် ကွက်ကြည့် လုပ်လာကြပြီလေ.. တစ်ယောက်ကလာမေးသေးတယ်.. အစ်ကိုက ဝန်ထမ်းပဲတဲ့ .. ဝန်ထမ်းနည်းလမ်းနဲ့ မဝယ်ဘူးလားတဲ့.. ပြန်ပြောလိုက်ပါတယ်..
"အလုပ်ရှုပ်လွန်းလို့ အေးအေးဆေးဆေး တန်းလာစီတာလို့.."
နောက်ပိုင်းလူတွေ သူ့ဘာသာသူ တန်းဝင်စီကြတယ်.. ဟဲဟဲ ဒီလိုမှပေါ့.. သို့သော် ထင်သလောက် မမြန်သေးဘူး .. ဘာလို့လဲ ..?
သတ်မှတ်ချက်ကတော့ လက်မှတ်ကို ကိုယ်စားမရောင်းပါ.. တဲ့.. စာလေးတောင် ရေးကပ်ထားသေး.. ဒါပေမယ့် ကိုယ့်အရှေ့လူတွေက လူတစ်ဦးထဲ လာစီသော်လည်း ၅ စောင် ၆ စောင် ဝယ်ကြတယ်.. ၊ ဒါကြောင့်ကိုး.. ကိစ္စမရှိပါ.. ကိုယ်လည်း တစ်မိသားစုလုံးအတွက် တစ်ယောက်ထဲ လာဝယ်တာပဲကိုး.. တတ်နိုင်သလောက် နားလည်စွာရောင်းချပေးသော လက်မှတ်စာရေးကြီးကိုတောင် ကျေးဇူးတင်ပါသည်.. နို့မို့ဆို ခရီးတစ်ခါသွားဖို့ ရှိသမျှ မိသားစုအားလုံး ဘူတာဆင်းဝယ်ရမလို ဖြစ်နေတာလေ.. အဲဒါ ဘာကြောင့်လဲ ဆိုတော့ လက်မှတ် မှောင်ခိုကြောင့်ဗျ.. စည်းကမ်းပျက်တော့ စည်းကမ်းချက်တွေထွက်လာတယ်.. ဒါကြောင့် အနေရအထိုင်ရ ကျပ်လာတယ်.. ကိုယ့်အတွေးနဲ့ကိုယ်ဟုတ်နေတာ ကိုယ့်အလှည့်တောင် ရောက်ပါပေါ့လား.. မှတ်ပုံတင်တွေ ကျောင်းသားကတ်တွေကို ထုတ်ပေးရင်း လက်မှတ်စာရေးကြီးကို မျက်နှာချိုသွေးလိုက်တယ်.. ငါးစောင်လုံးရောင်းပေးအောင်ပေါ့.. ဖြစ်နိုင်ရင် တစ်စုထဲရအောင် လုပ်ပေးပါနော်... လို့လည်း အကူအညီတောင်းလိုက်တယ်.. အိုကေသွားပါတယ်.. လူတန်းထဲက ထွက်လိုက်ပြီ တန်းစီနေသော မိဘပြည်သူအားလုံးကို ပြုံးပြလိုက်ပါတယ်.. တချို့ တုံ့ပြန်အပြုံးနဲ့ လက်မထောင်ပြကြတယ်.. တချို့က ဒေါသနဲ့ မျက်စောင်းထိုးကြည့်ကြတယ်.. တချို့ကတော့ မအီမသာမျက်နှာနဲ့ မကျေမနပ်ကြည့်ကြတယ်.. အုပ်စုခွဲကြည့်လိုက်ရင် အမှန်ကိုကြည်ဖြူသူက တစ်စုထဲပါလား.. ဒါပေမယ့် ရိုးသားစွာ ပြောခဲ့ပါမည်.. Hero ဝင်လုပ်သွားတာမဟုတ်ပါ.. အတ္တနဲ့ရင်းပြီး ခံလာရတဲ့အခါကျတော့ ဆန့်ကျင်မိရာက ဖြစ်သင့်တဲ့ အမှန်တရားအတိုင်းဖြစ်သွားတာပါ.. ဘာပဲဖြစ်ဖြစ် မှန်ကန်သွားတဲ့ အဲဒီ တန်းစီချိန်တစ်ချိန်အတွက်ဝမ်းသာပါသည်..

နောက်တစ်နေ့မနက်ကျတော့ မိသားစုတွေ ပြင်စရာရှိတာပြင်ဆင်ပြီး အေးအေးဆေးဆေးပဲ အိမ်က ထွက်လာခဲ့ကြတယ်.. လက်မှတ်က ကိုယ့်အိတ်ထဲမှာ ရောက်နေပြီလေ.. ရထားလာရင် တက်ထိုင်သွားယုံပဲ.. ကလေးတွေက ကားမူးတတ်လို့ဆိုပြီး သူ့မေမေက ပိုးဥကို အမူးပြေဆေး တိုက်ထားတယ်.. ပိုးဥတို့များ အိပ်တာ သိုးနေတာပဲ.. အိမ်ကနေ ကားပေါ်တစ်လျှောက်လုံး ၊ အဲဒီကနေ ဘူတာမှာ ရထားစောင့်ချိန်တလျှောက်လုံး၊ ရထားပေါ်ရောက်တော့လည်း တောင်ငူအထိ တုတ်တုတ်မျှ မလှုပ်၊
အဲ.. လှုပ်နေတာက ပိုးဥရဲ့ မောင်လေးပေါ့.. ဖေဖေက ငပုတို လို့ ခေါ်တယ်.. သူ့မေမေက ကိုခန့်လို့ခေါ်တယ်.. (စိတ်မကြည်ရင်..) ဟဲ့အကောင်.. နွားသားပေါက် လို့လည်းခေါ်တယ်.. ပိုးဥနဲ့ တစ်နှစ်နဲ့ တစ်လ တိတိပဲ ကွာတယ်.. အရမ်း အရမ်းကို ဆော့တာပါပဲခင်ဗျာ.. ငယ်ငယ်တုန်းက မွေးမွေးချင်း ငှက်ဖျားပါလာလို့ ရှင်မယ်လို့တောင်မထင်ခဲ့ဘူး.. ဒါပေမယ့် သူ့ရောဂါအခြေအနေလည်းလွတ်ရော .. ထိန်းမရတော့ပါ.. အလွန်သန်စွမ်းလာတယ်... အမြဲတမ်း ခုန်ပေါက် ထိုးကြိတ်နေတော့တယ်.. အသက် ငါးနှစ်သားမှာ အမြင့် ရှစ်ပေ ကိုးပေ လောက်က ခုန်ချပြီး ညာဘက်မျက်ခုံးကွဲသွားတာ ဆယ့်ရှစ်ချက် ချုပ်ရတယ်.. ကျောင်းက ပြန်လာရင် .. လမ်းတည့်တည့်မပြန်ပဲ .. စမ်းချောင်းလေးထဲကနေလမ်းလျှောက်ရင်း ငါး ပုစွန် ဂဏန်း တွေ့ရာအကုန်ဖမ်းတယ်.. ပြီးတော့ မေမေချက်စားဖို့ဆိုပြီး ပြန်ပေးသတဲ့.. သူ့မေမေအော်ဟစ်ပြီး ဆော်ပလော်တီးတော့သဗျို့... တနေ့တနေ့ အရွယ်နဲ့မမျှအောင် ဆော့လွန်း ဆိုးလွန်းလို့ မကြာခဏ အတိုင်အတော ခံရတယ်.. မိဘအချင်းချင်း လိုက်တောင်းပန်ရတယ်.. ဆရာမတွေဆိုရင် ပိုးဥတို့မောင်နှမ နှစ်ယောက်လုံးကို သိကြတယ်.. တခါလည်း ကျောင်းက ပျားနီအုံ (ပဆုပ်ပနီလို့ခေါ်တယ်..) ကို ကလေးတစ်ယောက်က ခဲနဲ့ပစ်လိုက်တာ.. သူက အဲဒီနား ဆော့နေတော့ ပျားတွေက သူ့ကိုချည်း စုပြုံပြီးတုတ်လွှတ်လို့ ညနေကျောင်းပြန်လာတော့ မျက်နှာက လက်ဝှေ့ကျော် ရွှေဓူဝံနဲ့ ခပ်ဆင်ဆင် တူလာဖူးတယ်.. ဒါပေမယ့် နာတယ်ဖေဖေ.. ထုံးတို့ပေးပါလို့သာပြောပြီး အဆော့က မပျက်ချေတကား.. သူ အကြိုက်ဆုံးကတော့ သားသားလေး လို့ ခေါ်တာကိုပါပဲ.. အဲဒီလိုခေါ်ရင် မျက်နှာက အရမ်းပြုံးသွားတယ်.. ပါးစပ်ကပြဲတော့ ရုပ်က မလှတော့ဘူး.. သူ့ဘွားအေကြီးက ဘဲရုပ်ဆိုးလေးနဲ့ တူတယ်လို့.. ကရုဏာပြောလေးပြောဖူးတယ်.. ဘယ်အရာမဆို တန်းတူရမှ ကြိုက်တယ်.. ကြီး၍ ငယ်၍ ခွဲခြားပြီးပေးရင် လုံးဝ လက်မလျှော့စတမ်း ရအောင်တောင်းတယ်.. ဒါပေမယ့် သူပိုရရင်တော့ အိုကေတယ်.. ငြိမ်နေရောပဲ..
စကားက ဘယ်ရောက်သွားပါလိမ့်..
အဲ ဟုတ်ပြီ.. မငြိမ်တာကတော့ သားသားပါပဲ.. ဘူတာရောက်ကတည်းက သားသားက ခရီးသွားရင် လိမ္မာတယ်.. ဖေဖေနားမှာပဲနေမယ်ဆိုပြီး တွေ့သမျှကို လက်ညှိုးထိုးဝယ်ခိုင်းတော့တာ.. ပြီးတော့ ရထားမလာမချင်း သူ့ကို ဆော့ပေးရတယ်.. သူပြေးရင်ပြေး .. သူခုန်ရင်ခုန်.. ဒါပေမယ့် သူထိုးရင် ကန်ရင် တော့ ကြိတ်ခံရတယ်.. ပြန်ထိုးလို့မှ မရပဲကိုး.. အားပါးပါး ပြင်းလိုက်တဲ့လက်သီး .. ပြင်းလိုက်တဲ့ခြေထောက်..

ဒီလိုနဲ့ပေါ့ကွယ်..
ရွှေနေပြည်က စီခရေဇီတို့မိသားစု နေပြည်တော်ဟုဆိုအပ်သာအရပ်မှ မွန်တို့ဌာန ရာမညသို့ ရထားကြီးစီးလို့ ထွက်ခဲ့ပေါ့..

(ဆက်လက်ရေးသားပါအုံးမယ်...)

2 comments:

At March 7, 2009 at 5:18 AM မီးမီးလတ်သော် said...

အရေးအသားကတော့ ကောင်းပါ့။ မျက်စိထဲမှာ ပုံဖော် မြင်သွားလောက်အောင်ကို အရေးအသား ကောင်းတယ်။

 
At March 11, 2009 at 11:24 AM soungzinko said...

အကိုစီ (သို့) ဆရာစိ ကျိုက်ထီးရိုးသွားတောလားရဲ့ အစက တော့ ဆူတစ်ခါ ငေါက်တလှည့် စခဲ့ပေမယ့်
ပျော်ရွှင်တဲ့ ခရီးတစ်ခု ဖြစ်ခဲ့မယ်ဆိုတာကတော့
ဓါတ်ပုံတွေက သက်သေထူနေတယ်ဗျ။

ဒီရက်အပိုင်း ဆရာစိကို တွေ့ချင်လို့ ဂျီတော့မှာ စောင့်နေတယ်ဗျာ။
အားရင် လာခဲ့ပါအုံး.............

ဇင်ကိုလွင်...။

 

Post a Comment