ဇီဝဘက်ထရီ..

ကျွန်တော်တို့ မြန်မာပြည်မှာ လျှပ်စစ်မီးအတွက် စိတ်ညစ်ခဲ့ရတာတွေက နှစ်ပေါင်းများခဲ့ပါပြီ.. လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေ စီမံကိန်းတွေ တစ်ခုပြီးတစ်ခု ပြီးလာခဲ့သော်လည်း .. လျှပ်စစ်မီးက တစ်နိုင်ငံလုံး လုံလောက်စွာရရှိတယ်လို့ မရှိသေးပါဘူး.. နယ်မြို့တွေ ကျေးရွာတွေဆိုရင် ပိုဆိုးပါတယ်.. အခုနောက်ပိုင်း မြန်မာ့ရုပ်မြင်မှာ တွေ့တွေ့နေရတဲ့ Integrated Farming နဲ့ဆက်စပ်ပြီး ဇီဝ လျှပ်စစ်ထုတ်ယူမှု အကြောင်းလေးတွေကို ပညာပေးဇာတ်လမ်းတိုလေးတွေနဲ့ တင်ဆက်လာတာလေးတွေ ကိုတွေ့ရပါတယ်.. လက်တွေ့လုပ်နိုင်တဲ့သူတွေအတွက် ဝမ်းသာပါတယ်.. အဲဒီအတွက်လိုအပ်မှာကတော့ နွားငါးကောင်ရဲ့ အညစ်အကြေး (တည့်တည့်ပြောရရင်တော့ နွားချေးပေါ့ဗျာ.. ) ကို ပုံစံပြုလုပ်ထားတဲ့ ဇီဝလှောင်ကန်ထဲ ထည့်ပြီး အဲဒီကထွက်လာတဲ့ ဇီဝဓါတ်ငွေ့အရည်ကို ပိုက်နဲ့ သွယ်ယူကာ လျှပ်စစ်မီးလင်းစေတာမျိုး မီးစက်ကို မောင်းစေတာမျိုး.. ထမင်းပေါင်းအိုးနဲ့ ထမင်းချက်တာမျိုး.. ပြီးတော့ တီဗွီကြည့်တဲ့အထိ လုပ်နိုင်တယ် ဆိုတာလေးကို ပြသွားတာ တွေ့ရပါတယ်.. ကုန်ကျစရိတ်ကတော့ သိန်းဂဏန်းရှိပါတယ်.. ပြီးတော့ နေ့စဉ် နွားချေးကျုံးရ ဖျော်ရ အစရှိသဖြင့်ပေါ့နော်.. အားသာချက် အားနည်းချက်လေးတွေလည်း တွေ့ရတာ ရှိပါတယ်.. ပြီးတော့ Solar စနစ်ကို အသုံးပြုပြီး ဆိုလာပြားလေးနဲ့ နေရောင်ခြည်ကနေ လျှပ်စစ်ဓါတ်အား ထုတ်ယူကာ မီးလင်းစေတာမျိုး ဆိုလာပြားတွေ အများကြီးသုံးပြီး ရေပန့်နဲ့ ရေတင်တာမျိုး အစရှိသဖြင့်ပေါ့ဗျာ.. ပြည်သူကြားကို ချပြသွားတာလေးတွေ ရှိပါသေးတယ်.. အဲဒါကလည်း ဆိုလာပြားရဲ့ ကုန်ကျစရိတ်ကို ထည့်တွက်ရအုံးမှာ.. စွမ်းအင်ပိုသုံးချင်ရင် သုံးချင်သလောက် အကုန်အကျ များမယ်ဆိုတဲ့ သဘောလေးပါ.. ဘာပဲဖြစ်ဖြစ် Renewable Energy (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) ဆိုတဲ့ အသံတွေ တစ်ကမ္ဘာလုံးမှာ ဆူညံနေတဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ဒီအတွက် တတ်နိုင်သမျှ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ အားထုတ် ကြိုးပမ်း တီထွင်နေကြတာပဲလို့ အကောင်းမြင်ခဲ့ပါတယ်.. အခုရက်ပိုင်း အတောအတွင်းမှာ မမျှော်လင့်ထားခဲ့တဲ့ နည်းပညာလေးတစ်ခုကို တွေ့ခဲ့ရပါတယ်. အဲဒါကတော့ ဇီဝ ဘက်ထရီလို့ အမှတ်(၂) စက်မှုဝန်ကြီးဌာနက အမည်ပေးထားတဲ့ ဘက်ထရီ ပြုလုပ်တဲ့ နည်းပညာပါပဲ.. ရွာထဲ ကွင်းထဲ ဘယ်နေရာမဆို ကိုယ်တိုင်အလွယ်တကူ လုပ်ပြီး သုံးစွဲနိုင်ပါပြီ.. သက်တမ်းလည်း တစ်နှစ်နီးပါးလောက် အရှည်ကြီးသုံးရမယ်.. အလင်းရောင်ကလည်း နှစ်ပေမီးချောင်း လောက်ကို လင်းမယ်.. အဲဒီအတွက်ကုန်ကျစရိတ်ကလည်း ငွေကျပ် ၂၀၀၀ နဲ့ ၃၀၀၀ ကြားပဲ ကုန်ကျမယ်.. တယ်ဟုတ်ပါလားဆိုပြီးကြည့်လိုက်တော့ နွားချေးကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဘက်ထရီဖြစ်နေတာကို တွေ့ရတယ်ဗျာ.. နွားချေးနဲ့ လျှပ်စစ်မီးလင်းတာ အခုမှတော့ မဟုတ်ပါဘူး ဟိုးအရင်ကတည်းက မြန်မာပြည်ရဲ့ တောနယ်အချို့မှာ ဒီနည်းကိုသုံးပြီး မီးလုံး မီးချောင်းတွေ ထွန်းညှိခဲ့ကြဖူးပါတယ်.. အခု ပြန်လည်ဆန်းသစ်ပြီး ပိုမိုကောင်းမွန်တဲ့ နည်းနဲ့ ပေါ်ထွက်လာတာကို အရမ်းဝမ်းသာစွာ ကြိုဆိုမိပါတယ်.. ကြည့်ရအောင်ဗျာ..



ဒီပုံက ကျွန်တော် ဒီဇိုင်းဆွဲထားတဲ့ပုံပါ.. နည်းနည်းလေး လှပနေလိမ့်မယ်.. တကယ်လုပ်ရမှာက အဲဒီလောက် အတိအကျပစ္စည်းတွေ မလိုဘူး.. သူတို့လုပ်ပြထားတာကတော့ ရှင်းရှင်းလေးပါပဲဗျ... နွားချေးနဲ့ ဆားနဲ့ကို ဆတူရောစပ်ပြီး မွှေထားတယ်.. ရေသန့်ဗူးခွံ အဟောင်းခြောက်လုံးကို ခြောက်လက်မ ခုနစ်လက်မလောက်ကနေ ဖြတ်လိုက်တော့ ခွက်လေး ခြောက်ခွက်ရတယ်.. 1.5 ဗို့ရှိတဲ့ ဓါတ်ခဲစုတ် ၁၂ လုံးလောက်ကို အပေါ်ခွံ အောက်ခွံ နဲ့ အလယ်ထဲက ခဲချောင်းပဲ ယူတယ်.. ကျန်တာ ဖယ်ပစ်လိုက်တယ်.. ခဲတိုင်ကို ခြောက်လက်မလောက် ရှည်လာအောင် နှစ်ချောင်းသုံးချောင်း ခဲတို့ထားတာတွေ့တယ်.. ဓါတ်ခဲရဲ့ ဖင်ပိတ် အောက်ခွံကို ရေသန့်ဗူးရဲ့ အောက်ပိုင်းမှာ သေချာကပ်တယ်.. ရေလုံအောင်ကပ်ရမယ်ထင်တယ်.. တစ်ဗူးကို အဲဒီလို ပြန်ပြန်ထားတဲ့ ဓါတ်ခဲအူတိုင် နှစ်ချောင်း သုံးထားတာတွေ့တယ်.. အဲဒီတော့ တစ်ခွက်ကို 1.5×2= 3 ဗို့ပေါ့နော်.. ခွက်ထဲကို ခုနကရောထားတဲ့ နွားချေးနဲ့ဆားဒြပ်ပေါင်းကို ထည့်တယ်.. ဓါတ်ခဲအူတိုင်ရဲ့ခေါင်းပိုင်းကို ဖော်ထားပါတယ်.. အဲဒီခေါင်းပိုင်းနှစ်ပိုင်းကို လေးလက်မလောက်ရှည်တဲ့ ဝါယာကြိုးပိုင်းလေးနှစ်ပိုင်းနဲ့ တစ်ခေါင်းကို တစ်ပိုင်းချည်တယ်.. ခဲတို့တယ်.. ပြီးတော့ အဲဒီ အစနှစ်စကို ရှစ်လက်မလောက်ရှည်တဲ့တတိယမြောက်ဝါယာကြိုးနောက်တပိုင်းနဲ့ ဆက်တယ်.. တတိယမြောက်ဝါယာကြိုးရဲ့ ကျန်တစကို ဒုတိယဗူးရဲ့ အောက်ခြေခဲပြားနဲ့ ဂဟေတို့တယ်.. (ခဲတို့တယ်).. ဒုတိယဗူးရဲ့ ခေါင်းပိုင်းကထွက်လာတဲ့ ၀ါယာကြိုးကို တတိယဗူးရဲ့ အောက်ခြေခဲပြားနဲ့ ခဲတို့တယ်.. အဲဒီအတိုင်း နွားချေးခွက် ခြောက်ခွက်လုပ်ပြီးတော့ ဆက်သွားလိုက်တယ်.. ခြောက်ခွက်မြောက်ဗူးရဲ့ ခေါင်းပိုင်းကထွက်လာတဲ့ ဝါယာကြိုးကိုတော့ ပလပ်ပေါက်တစ်ခုမှာ တခြမ်း ကို ချည်လိုက်တယ်.. ပထမဆုံးဗူးရဲ့ အောက်ခြေကိုလည်း ဝါယာကြိုးတစ်ချောင်းနဲ့ ခဲတို့ပြီး ကျန်တစ်ဖက်ကိုတော့ ပလပ်ပေါက်ရဲ့ ကျန်တဲ့တစ်ခြမ်းမှာ ချည်လိုက်တယ်.. အဲဒီခြောက်ဗူးစလုံးကို စက္ကူပုံး.. သို့မဟုတ်.. ကြိမ်ခြင်းစုတ်.. သို့မဟုတ် ဘဲဥသေတ္တာ.. သို့မဟုတ် အဆင်ပြေရာထည့်စရာတစ်ခုခုမှာ ထည့်ထားမယ်ဗျာ.. အခု ကျွန်တော်တို့ ဇီဝ ဘက်ထရီတစ်လုံး လုပ်ပြီးသွားပါပြီ.. တစ်ဗူးကို 3 ဗို့နှုန်းနဲ့ ခြောက်ဗူး ဆိုတော့ 18 ဗို့ ထွက်နေပါပြီ.. ဒီတော့ အလင်းရောင်အတွက် ထွန်းဖို့ မီးဆင်ကြမယ်.. LED ဆိုတဲ့ မီးသီးလေးတွေကို မြန်မာပြည်မှာ ပေါများစွာ ဝယ်နိုင်ပါပြီ.. လက်ရှိ တစ်လုံးကို ၂၀ ကျပ်နှုန်းလောက်ပဲ ကျတယ်လို့ ဆိုပါတယ်.. အဲဒီလိုမျိုး မီးလုံး ၈၀ ကို ဝယ်တယ်ဗျာ.. ကော်ပြားတစ်ပြားကို သံချွန်လေးနဲ့ အပေါက်ရှစ်ဆယ်ဖောက်ပြီး မီးလုံးရှစ်ဆယ်ကို တပ်လိုက်တယ်.. ပြီးတော့ ဝါယာကြိုးလေးနဲ့ သွယ်လိုက်တယ်.. ကျန်တဲ့တစ်စကိုတော့ ပလပ်ခေါင်းလေး တစ်ချောင်း မှာ တပ်လိုက်ပါတယ်.. အခု အဆင်သင့်ဖြစ်နေတဲ့ ပလပ်ခေါင်းနဲ့ နွားချေးဗူး ခြောက်ဗူးကထွက်လာတဲ့ ပလပ်ပေါက်နဲ့ တပ်လိုက်ပါတယ်.. ၂ ပေမီးချောင်းအောက်မလျော့တဲ့ အလင်းရောင် ပေါ်ထွက်လာတာကို ဝမ်းသာစွာမြင်တွေ့လိုက်ရပါတယ်.. အဲဒီ ခြောက်ဗူးကိုတဲ့ တစ်နှစ်နီးပါး သုံးနိုင်တယ်တဲ့.. ယုံလားမိတ်ဆွေ.. တစ်နှစ်ကြာမကြာ မသိပေမယ့် တကယ်လင်းတာကတော့ ကျွန်တော့်ကိုယ်တွေ့ပါ.. အနည်းဆုံး ဒီပို့စ်ရေးနေတဲ့အထိ နာရီ ရှစ်ဆယ်နီးပါးရှိပါပြီ.. အလင်းရောင်က တစက်မှ မကျသေးပါ.. မြန်မာပြည်မှာ မကြာခင် ဒါမျိုးတွေကို Product တစ်ခုအနေနဲ့ သပ်သပ်ရပ်ရပ် ထုတ်လုပ်ဖို့ စီစဉ်နေပါပြီ.. ကျွန်တော် ရွာသားတိုင်းအတွက်ဝမ်းသာတယ်.. မြန်မာပြည်သူတိုင်း အတွက် ဝမ်းသာတယ်.. ဈေးအသက်သာဆုံးနဲ့ အသပ်ရပ်ဆုံး အကောင်းဆုံး ပစ္စည်းလေးတွေ ထွက်ပေါ်လာပါစေ.. အမှောင်ထုထဲကနေ တောတောင် ကွင်းပြင် လယ်ယာတလင်း ကုန်းမြင့် ချောက်ကမ်း မြန်မာပြည်တစ်ဝှမ်းက ပြည်သူတိုင်း အလင်းရောင်လေးနဲ့ အမြန်ဆုံးနေရပါစေလို့ ဆုတောင်းပါတယ်..

0 comments:

Post a Comment