အိပ်မက်ဆုတောင်း

နှစ်ကူးည၀ယ်
ချစ်စဖွယ်သော တီတာနှောခဲ့
မနောမှန်ပေ ချစ်မိတ်ဆွေလျှင်
ကြည်လင်ဆုမြတ် ခွန်းခြွေအပ်ရာ
“အိပ်မက်လှလှ မက်ပါစေ..” တဲ့။

ထိုရောခဏ
ဟဒယ၀ယ် ဖြာကျပီတိ
ဂွမ်းဆီထိ၍ ပြည့်စုံစေကြောင်း
ရင်မှပေါင်း၍ ထပ်လောင်းတောင်းဆု ခြွေပါသည်..

“ မက်ရပါလို မက်ရလျှင်လည်း
ရင်ကွဲပက်လက် ကြွေသက်မျက်ရည်
ပင်လယ်ဝေမျှ လွမ်းကာတမိ
မြတ်သည့်အိမ်ယာ မိမာတာလျှင်
အိပ်မက်ခွင်သို့ ကြွစေသတည်း....”

“ မက်ရပါလို မက်ရလျှင်လည်း
သဲသဲခိုင်ခိုင် ကျောက်ဆစ်တိုင်နှယ်
ခန့်ထည်ငြီးငြီး ကျေးဇူးကြီးဘိ
မြတ်သည့် ပီတာ အားကိုးရာလျှင်
အိပ်မက်ခွင်သို့ ကြွစေသတည်း...”

စီခရေဇီ (နှစ်ဆန်း ၁ ရက်နေ့ နံနက် ၁ နာရီ ၅ မိနစ်)

0 comments:

Post a Comment