2008 ဒီဇင်ဘာလပိုင်းအတွင်းက ကျွန်တော်တို့ဆီက အုပ်စုတစ်စုရဲ့ ရွှေညီအစ်ကိုတွေ [သူတို့အခေါ်တော့ CTC (92) တဲ့..] သင်တန်းဆင်း ၁၆ နှစ်မြောက် တွေ့ဆုံပွဲနဲ့ အလှူပွဲဆိုပြီး လုပ်ကြတယ်ဗျ.. အဲဒီမှာ အမှတ်တရအဖြစ် ဆိုပြီး ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ခိုင်းလေသတတ်.. ဘာပြောကောင်းမလဲ စီခရေဇီတို့များ မြှောက်ပေးရင် ဟဝှါပြုအောင် က တော့သကိုး... Fuji Finepix S7200 S700 လေးနဲ့ ရိုက်တာလေ.. ဟိဟိ.. ဒါကတော့ ကြုံလို့ကြွားရတာပါ.. အဲဒါ ရိုက်ပြီးသကာလ ခွေထုတ်ပါ့မယ်ဆိုတော့ ကျေးဇူးရှင် ရွှေညီအစ်ကိုများက နည်းနည်း ပြင်ချင်ပါသေးသည်ဟု ဆိုသတတ်... နောက်ခံစကားပြောလေး ထည့်ချင်တာပေါ့လေ.. ဒါနဲ့ မိုက်ခရိုဖုန်း ကောင်းကောင်းလေး ဝယ်ပေးရင် အသံ Recording လုပ်ပေးပါ့မယ်ဆိုပြီးပြောတော့ သူတို့ ဝိုင်းစိုက်ကြပါတယ်.. သူတို့လှုပ်ရှားမှုတွေကို ရိုက်ထားတဲ့ ဗီဒီယိုတွေကို မပြင်မဆင်သေးပဲ.. ခွေအကြမ်းတစ်ခွေ ရိုက်ပေးလိုက်တယ်.. အဲဒီအခွေအကြမ်းကိုကြည့်ပြီး သူတို့ နောက်ခံစကားပြောကို ဖန်တီးယူကြပါတယ်.. ပြီးတော့ သုံးထောင့်ငါးရာတန် Head Phone လေးနဲ့ နောင်တော်ကြီးတစ်ယောက်ရဲ့ အသံတွေကို Recording ဖမ်းယူလိုက်ပါတယ်.. အသံသွင်းနေစဉ်မှာလည်း မှတ်တမ်းအဖြစ် ဗီဒီယိုလေးတွေ ထပ်ရိုက်ထားလိုက်ပါတယ်.. အသံလေးတွေကိုလည်း ထပ်ပြင်ချင်သေးတာနဲ့ဘာနဲ့ စိတ်ရှည်လက်ရှည် လုပ်ပေးလိုက်ပါတယ်.. ဒါနဲ့ ရက်နည်းနည်း ထပ်ကြာသွားတယ်..

အသံသွင်းပြီး နောက်တစ်နေ့မှာ ရွှေညီအစ်ကိုတို့က ဆိုလာပါတယ်.. တွေ့ဆုံပွဲမလုပ်မီက သူတို့ ကျင်းပခဲ့တဲ့ ဖြစ်မြောက်ရေး အစည်းအဝေးကို တစ်ခန်း ထည့်ချင်ပါတယ်တဲ့ .. သြ .. ခက်ပြီပေါ့.. ဘာခက်ရမှာလဲ.. အစည်းအဝေးတစ်ခု ပြန်လုပ် အဲဒါကို ဗီဒီယို ရိုက်.... ပြီးရင် အရှေ့ဆုံးကထည့်ပေါ့.. ဟဲဟဲ.. ဒါနဲ့ နောက်တစ်ရက်မှာ သူတို့ အစည်းအဝေး (အတု) တစ်ခု လုပ်ကြတယ်.. ဒါပေမယ့် ဆွေးနွေးတာတွေကတော့ အစစ်ပဲ.. နောင်နှစ်ခါလုပ်ကြမယ့်ကိစ္စတွေကို ဆွေးနွေးကြတယ်.. အဲဒါနဲ့ ဆက်ရိုက်ကြတယ်ပေါ့လေ..အဲဒါနဲ့ ရက်နည်းနည်းကြာသွားတယ်.. ပြီးတော့ ဗီဒီယိုတည်းဖြတ်ရေးလုပ်ငန်းတွေလုပ်မယ်ကြံတော့ စစချင်းမှာပဲ.. နောက်ခံအသံမှာ ပြောထားတဲ့ စကားတချို့အတွက် နေပြည်တော်ရှုခင်းတွေ မရှိဘူးဖြစ်ပြန်တယ်.. ဘာရမလဲ.. ရုံးပိတ်ရက်တစ်ရက်ဆိုင်ကယ်နဲ့ အပြင်ထွက်ပြီး နေပြည်တော်တပတ် အလှဆုံးနေရာတွေ ရွေးရိုက်ပစ်လိုက်တယ်.. (မပိုင်လား...) ကဲ ဟုတ်ပြီ ခွေကို ဆက်လက်တည်းဖြတ်ရအောင်ဆိုပြီး တတ်သမျှ မှတ်သမျှနဲ့ ကြိုးစားပမ်းစား လုပ်ခဲ့ပါတယ်.. သူတို့လည်း ကျေနပ်ကြပါတယ်.. ပြီးခါနီးတော့ ကျေးဇူးတင်လွှာလေး ထည့်ချင်ပါသတဲ့.. အိုကေ.. ထည့်ပေးရမှာပေါ့.. ကြိုက်တဲ့စာသားကိုရေးခဲ့ပါ.. ဒါနဲ့ တစ်ရက်လောက် ထပ်ကြာသွားတယ်.. နောက်တစ်ရက်ကျတော့ .. သူတို့ရွှေညီအစ်ကိုတွေရဲ့ လိုင်စင်ပုံလေးတွေယူလာပြီး မှတ်တမ်းအဖြစ် ထည့်ချင်သေးပါသတဲ့.. (တိန်...) ကဲပါ.. မထူးပါဘူး လုပ်မှလုပ်တော့လည်း ကောင်းကောင်းလေးပေါ့ ဆိုပြီး ပုံလေးတွေကို Scan ထိုးပြီးသကာလ PhotoShop နဲ့ ပြင်.. ပြီးတဲ့အခါကျတော့ Card Design လေးတစ်ခုဆွဲ.. အဲဒီပေါ်မှာ ဓါတ်ပုံလေးတွေကို တစ်ကတ် တစ်ပုံနှုန်းနဲ့ စီလိုက်တယ်.. ပြဿနာက တချို့ ရွှေညီအစ်ကိုတွေရဲ့ ဓါတ်ပုံတွေက မရောက်လာသေးတာတို့ မရိုက်ရသေးတာတို့ပေါ့.. ဒါနဲ့ ရက်နည်းနည်း ထပ်ကြာသွားတယ်.. ကဲ အားလုံးပြီးပါပြီဆိုတော့ ဗီစီဒီခွေ ထုတ်မယ်ပေါ့... ဆိုပြီးကြည့်လိုက်တော့ .. ကြာချိန်က မိနစ် (၇၀) ကျော်နေတယ်.. ဗီစီဒီ တစ်ချပ်မကတော့ဘူး.. တေရော.. နှစ်ချပ်ဆိုရင်လည်း လူခြောက်ဆယ်လောက်ကိုဖြန့်မှာဆိုတော့ ငါးမိနစ်လောက်ပိုတာနဲ့ ခွေတစ်ချပ်ပိုရရင် ငွေရေးကြေးရေးက စကားပြောစရာဖြစ်အုံးမယ်.. ဒါနဲ့ ရွှေညီအစ်ကိုတွေနဲ့တိုင်ပင်ပြီး တချို့အခန်းလေးတွေကို တိုပစ်လိုက်ကြတယ်.. နောက်ဆုံးရချိန်က ၆၅ မိနစ်... ဗီစီဒီတစ်ခွေစာပေါ့... ဒါတောင် ဒီကြားထဲမှာ.. Computer ရဲ့ Error တချို့ဖြစ်တာတွေ စီခရေဇီ မကျွမ်းကျင်လို့ ပြဿနာတွေ ဖြစ်တာတွေ ရှိသေးတယ်.. ဒါနဲ့ ရက်နည်းနည်း ထပ်ကြာသွားတယ်.. နောက်ဆုံး ပြီးပါပြီဆိုတော့ ဗီစီဒီ ထုတ်ယူပြီး ရွှေညီအစ်ကို အမှုဆောင်တွေကို ပြပြီး သုံးသပ်စစ်ဆေးကြပါတယ်.. အဲဒီမှာတင် နောက်ဆုံး ဖြစ်ချင်တဲ့ အတိုင်းအတာလေးတွေ ထွက်လာတယ်ပေါ့.. အသံလေးကို ဘယ်လိုပြင်စေချင်တာ ဘယ်နေရာလေးကို ဘယ်လို လုပ်လိုက်စေချင်တာပေါ့.. နောက်တစ်ခုက MPG ဖိုင်တွေကို တစ်ခါပြီးတစ်ခါ Export လုပ်တာများလာတော့ ဗီဒီယိုရုပ်ပုံတွေက သိပ်မကြည်တော့ဘူး ဝါးတားတားဖြစ်လာတယ်.. ကဲ..မထူးပါဘူး.. နောက်ဆုံးသုံးသပ်ချက်အရ အတည်ပြုထားတဲ့ ပြင်ဆင်ချက်တွေကို ပြင်ရမှာပဲဆိုတော့ အစကနေပြန်လုပ်မယ်.. ဒါမှ ကွာလတီ ကောင်းကောင်းပြန်ရမယ်.. ဒီလောက်လုပ်လာပြီးမှ အပြောမခံနိုင်ဘူး.. ဆိုပြီး လုပ်ပါလေရော.. ဒါနဲ့ ရက်နည်းနည်း ကြာသွားတယ်..

ဒီနေ့တော့ပြီးသွားပါပြီ.. နောက်ဆုံး ဗီစီဒီခွေကို ထုတ်ပေးလိုက်နိုင်ပါပြီ.. ဒါပေမယ့် ဗီစီဒီရဲ့ ကာဗာမှာ ကပ်ဖို့အတွက်တဲ့ ကာဗာလေး ရိုက်ချင်သေးတယ်တဲ့.. မှတ်တမ်းဓါတ်ပုံလေးတွေထဲက သင့်တော်ရာလေးတွေနဲ့ ကာဗာဒီဇိုင်းဆွဲပေးအုံးနော်တဲ့.. ရက်နည်းနည်း ထပ်ကြာသွားပြီပေါ့ဗျာ...

0 comments:

Post a Comment