သံသရာစမ်းရေ..

သမီးလေး .. တဲ့..
ကြားကာစက နားဝမှာ သိပ်မချိုဘူး... ဘာလို့လဲဆိုတော့ လိုချင်တာက သား လေးလေ.. ဒါပေမယ့် သူ့မေမေက ပင်ပန်းကြီးစွာ မွေးဖွားခဲ့ပေးရတာ.. လောကကြီးထဲရောက်လာတာနဲ့ အုဝဲလို့ငိုရမှာတောင် ပျင်းရှာရော့ထင့်.. သမီးလေးက မငိုပါ.. ငြိမ်လွန်းမက ငြိမ်လွန်းလို့ နာ့စ် မာမီကြီးက အနှီးလေးနဲ့ထုပ် ခေါက်ချိုးလေးခေါက်ပြီး ဇောက်ထိုးဆွဲကာ တင်ပါးကို သုံးလေးချက် ရိုက်လို့ ငိုစမ်း ငိုစမ်း.. ဆိုမှ ငိုသံထွက်လာတယ်.. ထူးထူးခြားခြား ငိုသံက " အငဲ........ " လို့ ကြားရလေတယ်.. မွေးပြီးပြီးချင်း ပါးစပ်တပြင်ပြင်နဲ့ မျက်လုံးလေးပြူးပြီး တောင်ကြည့်မြောက်ကြည့် ကြည့်နေပုံက ကြီးလာရင် စပ်စုစိန်လေး ဖြစ်မှာဆိုတာကို ကြိုတင် နိမိတ်ဖတ်နေတဲ့ပုံ.. ဇာတ်လမ်းတွေ ဝတ္ထုတွေထဲမှာလို ကလေးမျက်နှာမြင်တာနဲ့ သဲသဲလှုပ်သွားတဲ့ ခံစားချက်တော့ မဟုတ်ဘူး.. သြော် .. ငါ ကလေးဖအေဖြစ်သွားပါပေါ့လားလို့ .. ဝမ်းနည်းသလိုလို ဘာလိုလို နာမည်မတပ်နိုင်တဲ့ ခံစားချက်တောင် ဖြစ်သွားသေး.. ဒါပေမယ့် .. ကလေးမျက်နှာပေါ်က အကြည့်ကို လုံးဝ မခွါနိုင်တာတော့ သေချာတယ်.. သူမလေးရဲ့ မိခင်က နာကျင်ဝေဒနာကြောင့် မှိန်းအိပ်နေချိန်မှာ သူမလေးရဲ့ နှုတ်ခမ်းဖျားပေါ် ဂွမ်းစလေး ရေဆွတ်ပြီး တို့ပေးလိုက်တယ်.. အမယ်အမယ် ဘယ်သူမှ မသင်ရပဲ ရေကို လျှာလေးနဲ့ သိမ်းတတ်တာပဲဗျ... အရမ်းသဘောကျသွားတယ်.. ထပ်ကာထပ်ကာ ရေစက်ကလေးများချပေးရင်း.. နှလုံးသားထဲမှာ စိမ့်စမ်းလေးတစ်ခု ဖြစ်ပေါ်လာပေါ့.. ဇော်ဝင်းထွဋ်ရဲ့ သံသရာစမ်းရေ ဆိုတဲ့သီချင်းလေးကို ညည်းရင်း.. နှလုံးသား မြစ်တစ်စင်းမှာ ချစ်ခြင်းအလင်္ကာတစ်ပုဒ် ပေါ်ထွက်လာခဲ့လေသတဲ့...

ဒီလိုနဲ့ပေါ့လေ.. ၂၁ ရာစုရဲ့ ရှေးဦးနှစ်တစ်နှစ်ဖြစ်သော 2001 ရဲ့ ရှေးဦးတစ်လ ဖြစ်တဲ့ ဖေဖော်ဝါရီ 25 ရက်နေ့မှာ သံသရာ စမ်းရေလေးတစ်ပေါက်.. တို့ဘဝထဲရောက်ခဲ့ပေါ့.. ဘာကြောင့်ရယ်မသိ သူမလေးရဲ့မျက်နှာကို ကြည့်ရင်.. ရင်ထဲမှာ စိမ့်စိမ့်လေး အေးတယ်.. ပြီးတော့ ဝါဂွမ်းလေးလိုဖြူတဲ့ သူမလေးကို မွေးတဲ့နေ့မှာ သူတကာကို ပျူငှာစွာ ပေးလှူတာမျိုးလေးတွေ လုပ်ဖြစ်ခဲ့တယ်.. ဒီလိုနဲ့ သူမလေးရဲ့နာမည်ကို " မအေးသဒ္ဓါဖြူ " လို့ နာမည်ပေးလိုက်တယ်..

ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ.. အဘိုးအဘွား ဆွေမျိုးစုံရဲ့အလယ်မှာ မြေးရယ်လို့ ပထမဆုံးရောက်လာတဲ့ကလေးပါ.. ပြုံးလွယ် ရယ်လွယ်ပြီး မျက်နှာချိုတယ်.. အနေအေးတယ်.. လက်မရွေးဘူး.. ဘယ်သူခေါ်ခေါ် ခေါ်ရာလိုက်တယ်.. ပါးစုံ့လေးနှစ်ဘက်က ဖောင်းအစ်နေတယ်.. အသားအရေကအစ ကောက်ညှင်းထုပ်ကလေးလို အရစ်လိုက် တင်းတင်းရင်းရင်းနဲ့ ဖြူ ဆွတ်နေလေတယ်.. ဒါကြောင့် ဆွေမျိုးစုံအလယ်မှာ တကယ်ပဲ သံသရာစမ်းရေလေးပါ.. အိမ်မှာနေရတယ်လို့ကိုမရှိခဲ့ပဲ.. မနက်မိုးလင်းတာနဲ့ ဘိုးဘွားများက ခေါ်သွားကြပြီ.. အဲဒီကတဆင့် ဘကြီးနဲ့ကြီးဒေါ်.. ဦးလေး လူပျိုကြီးများ.. ဘိုးဘွားတို့ရဲ့ အစ်ကိုကြီးဖြစ်တဲ့ ဖိုးဖိုးကြီးတို့ဇနီးမောင်နှံ .. သူမလေး အိမ်ပြန်ရောက်ချိန်ဟာ နေ့လည် ၂ နာရီဆိုတာ ပုံမှန်ပဲ.. မိခင်က နို့တိုက်ဖို့ အိမ်တကာစေ့ လျှောက်လိုက်ပေးရတယ်.. ပိုးကောင်လေးလို ဥထားလို့ သူမလေးကို ပိုးဥ လို့ ခေါ်ကြတယ်..

ဒီလိုနဲ့ ကံကြမ္မာစေရာ တပြည်တစ်ရွာသို့ရောက်ခဲ့ပေါ့.. သူမလေးလည်း မပီကလာပီကလာ စကားတီတာ အရွယ်တွေကိုကျော်ဖြတ်လို့.. ကျောင်းတော်မှာ စာသင်ရတဲ့အရွယ်ထိ ရောက်လာပေါ့.. ကျောင်းနေတော့လည်း နာမည်လေးက ဆန်းနေလို့တဲ့ ကျောင်းအုပ်ကြီးကအစ သူမလေးကို သိတယ်.. ပြီးတော့ ဆရာမလေးတွေလည်း ကောင်းကောင်းမှတ်မိတယ်.. ဘာလို့လဲဆိုတော့ စိတ်ညစ်ရလို့တဲ့လေ.. ကလေးတွေအားလုံးစာငုံ့ရေးနေတဲ့အချိန်မှာ သူမလေးကတော့ စာရေးရင်း သီချင်းဆိုနေတာကြောင့် တခြားကလေးတွေလည်း သီချင်းလိုက်ဆိုကြတော့ စာသင်ခန်းလေးထဲမှာ အမြဲတမ်း တေးသံလေးတွေ လွင့်နေရသတဲ့.. ဆရာမ စာသင်တော့မယ်ဆိုရင် တော်ယုံနဲ့ ရပ်လို့မရဘူး .. တဲ့.. ကျောင်းလွှတ်ချိန်ဆိုတာ သူမ ခေါင်းထဲမှာ အရေးမကြီးပါ.. သင်ပုန်းမှာရေးထားတဲ့ စာတွေကို သီချင်းလေးညည်းရင်းလိုက်ကူးနေတာ မပြီးနိုင်ပဲ.. ကျောင်းလွှတ်လို့ လေးဆယ့်ငါးမိနစ်လောက် ဆရာမက စောင့်နေရသတဲ့.. အပြင်မှာ ကြိုနေတဲ့ မေမေကလည်း သမီးလေးမတွေ့လို့ ကျောင်းထဲလိုက်သွားတော့ စိတ်ညစ်နေတဲ့ဆရာမနဲ့ တေးဆိုနေတဲ့ ငှက်ကလေးကို တွေ့ရသတဲ့.. မေမေကိုတွေ့တော့ ခနလေးနော်.. သမီးစာမပြီးသေးဘူး ဆိုပြီး ဆက်ရေးနေသတဲ့...

ခုနှစ်တော့ ပိုးဥလေး .. ဒုတိယတန်းရောက်ပြီ.. ကြီးကောင်ဝင်လာတော့ ရုပ်လေးလည်း ပြောင်းသွားပြီ.. မော်ဒယ်လ် လုပ်မလို့တဲ့... ဝဝတုတ်တုတ်လေး မဖြစ်ချင်တော့ဘူးတဲ့.. သမီးကို ဝတုတ်မလေး လို့ ခေါ်ကြလို့တဲ့... တကယ်ပဲ.. ပိန်သွယ်သွယ်လေး ဖြစ်သွားတယ်... မိဘဆိုတာကတော့ ဝဝကစ်ကစ်လေးပဲ ဖြစ်စေချင်တာလေ.. ဒီနှစ်ကတော့ စုံညီပွဲတော်မှာ မင်္ဂလာပါဆိုတဲ့ တေးနဲ့ ကရမယ်တဲ့.. သမီးလေးက မကချင်ဘူးဟုတ်လားလို့.. လိမ်ပြီးမေးတော့ က မှာ.. တဲ့ ဘာပဲဖြစ်ဖြစ်ပါ.. ဆန္ဒအတိုင်း ခွင့်ပြုခဲ့ပါတယ်.. သူမလေးရဲ့ဘဝမှာ လိုချင်တာမှန်သမျှ မိဘက မတတ်နိုင်တာတောင် သူ့အလိုလို ရောက်လာ/ဖြစ်လာခဲ့ရတာချည်းပဲ.. မှတ်မှတ်ရရဖြစ်သွားအောင် .. ဓါတ်ပုံလေးတွေရိုက်ပေးခဲ့တယ်.. အဲဒီထဲက လှတာလေးတွေကို ဖေဖေက ထပ်ပြင်ပေးလိုက်ပြီး အမှတ်တရ ပုံလေးတွေအဖြစ် သိမ်းထားလိုက်တယ်.. သံသရာစမ်းရေလေး.. ဆုံးတစ်သက်တိုင် ပျော်ပါစေ...












0 comments:

Post a Comment