ထမင်းစားပြီးတဲ့အခါကျတော့ တည်းခိုရမယ့်အခန်းကို သွားကြတယ်.. ဒီအချိန်အထိ ဘုရားကို ပေါက်ဆိန်ပေါက်ပဲ ရှိခိုးနိုင်သေးတယ်.. စိတ်ထဲကတော့ ညကျမှ သေသေချာချာ အာရုံပြုမယ်ပေါ့.. အခန်းထဲရောက်တော့ အေးအေးမြမြရှိတဲ့အခြေအနေကြောင့် မိသားစုတွေ အားလုံးပျော်သွားကြတယ်.. အနားမယူခင် အပေါ့အပါးသွားဖို့ ဆိုပြီး အားလုံးထွက်လာကြတော့ ပြောင်းလဲနေတဲ့အခြေအနေတခုကို စ တွေ့ရတယ်.. တစ်ယောက်ကို ၁၀၀ိ ကျမယ်တဲ့.. အမျိုးသား အမျိုးသမီးအခန်းခွဲလို့ .. ရေအိမ်တန်းရှေ့မှာတော့ တိုင်ကီတစ်လုံးနဲ့ ရေဖလားတစ်ခွက်စာ လက်ဆွဲရေပုံးလေးတွေ အစီအရီ ချထားပေးတယ်.. မိသားစုအားလုံး ခုနစ်ယောက် (၇၀၀ိ) ၊ ယုံလားတော့ မသိဘူး.. တောင်ပေါ်မှာ တစ်ညအိပ်ပြီး နောက်နေ့မိုးလင်းတာနဲ့ ဆင်းခဲ့တာတောင် ရေအိမ်အသုံးပြုခ လေးထောင်လောက် ကုန်တယ်..
အခန်းထဲမှာ ပြန်အနားယူတော့ .. အားလုံးပဲ ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်သွားကြတာ နေ့ခင်း (၂) နာရီလောက် ကျွန်တော် နိုးတယ်.. အဲဒါနဲ့ ကင်မရာတစ်လုံးလွယ်ပြီး ရင်ပြင်တော်ပေါ်တက်ခဲ့တယ်.. လင်းတုန်းလေး မှတ်တမ်း ရိုက်ရအောင်ပေါ့နော်..




ရှေးသရောအခါ ဒီတော ဒီတောင်မှာ သူဝဏ္ဏဘူမိ သထုံပြည်က ဘုရင်ကြီးတစ်ပါးရဲ့ သားတော် ညီနောင်ဟာ လောကီအမှုတွေကို စိတ်ကုန်လို့ ရသေ့ဝတ်ပြီး သူတော်စင်တို့အကျင့်ကို ကျင့်နေခဲ့ပါသတဲ့.. အမည်အားဖြင့် တိဿနဲ့ သီဟ လို့ခေါ်တွင်တဲ့ ရသေ့ကြီးနှစ်ပါးအနက် နောင်တော် တိဿရသေ့ကြီးကတော့ ဒီတောင်တန်းကြီးပေါ်မှာ သီတင်းသုံးပြီး ညီတော် သီဟ ရသေ့ကြီးကတော့ ကေလာသ တောင်တန်းမှာ သတင်းသုံးပါတယ်.. ကေလာသတောင်တန်းကတော့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းမှာရှိပါတယ်.. အဲဒီတောင်တန်းအောက်ခြေမှာတော့ သထုံမြို့ဟောင်း ရှိပါသေးတယ်.. ကျိုက်ထိုနဲ့ ဘီးလင်းဟာ နယ်နိမိတ်ချင်းကပ်လျက်ဖြစ်တာကြောင့် ရှေးအခါက ညီတော်နောင်တော် သူတော်မြတ်တို့ဟာ တစ်ပါးနဲ့ တစ်ပါး ညအခါ မီးနဲ့ အချက်ပြ ဆက်သွယ်ကြတယ်ဆိုတာ ဖြစ်နိုင်လောက်ပါတယ်.. တရံအခါ ကျိုက်ထီးရိုးတောင်ယံမှ ဝိဇ္ဇာဓိုရ်နဲ့ နဂါးမတို့ ချစ်ကျွမ်းဝင်ပေါင်းသင်းကြပြီး အကြောင်းအပေါင်းမသင့်လို့ သူတို့မောင်နှံ လမ်းခွဲသွားတဲ့အခါ နဂါးမဟာ ဥ နှစ်လုံး ဥထားခဲ့ပါသတဲ့.. အဲဒီနဂါးဥတွေက ပေါက်လာတဲ့ ကလေးတွေကို တိဿရသေ့ကြီးက တွေ့ရှိ မွေးစားထားခဲ့ပြီး တစ်ယောက်ကတော့ ဝက်သေက်ရောဂါနဲ့ သေဆုံးသွားလို့ မြတ်စွာဘုရား လက်ထက်တော်အခါ ဂဝံပတေ့ ရဟန္တာမထေရ် ဖြစ်လာပါသတဲ့.. ကျန်တစ်ဦးကတော့ ရသေ့ကြီလက်ပေါ် လူလားမြောက်ပြီး ညီနောင်နှစ်ပါး တောထွက်သွားလို့ နန်းလျာပြတ်သွားတဲ့ သထုံပြည်က မှူးကြီးမတ်ရာတွေ နန်းလာအပ်တဲ့အခါ အဲဒီ သူငယ်ကို တိဿဓမ္မသီဟရာဇာ ဆိုတဲ့ဘွဲနှင်းလျက် ထီးနန်းတက်စေခဲ့ပါတယ်.. တိဿဓမ္မသီဟရာဇာ ဘုရင်ဟာ ကျိုက်ထီးရိုးတောင်ခြေရွာလေးက ဖိုးကော်လွတ် နဲ့ နန်းကြာဟဲ ဆိုတဲ့ ကရင်မောင်နှံတို့ရဲ့ သမီး ရွှေနန်းကျင် ဆိုတဲ့ မိန်းကလေးကို မိဖုရားမြှောက်ခဲ့ပါတယ်.. ရွှေနန်းကျင်မှာ ဖိုးပန်းတင်ဆိုတဲ့ အစ်ကိုလည်း ရှိပါတယ်.. သူတို့ လက်ထပ်တဲ့အခါ ဘုရင့်ထုံးစံနဲ့ လက်ထပ်တဲ့ပွဲမို့ ကရင်ရိုးရာနတ်တွေကို ပူဇော်ပသဖို့ မေ့လျော့ခဲ့ကြပါသတဲ့.. ဒါကြောင့် ကရင်နယ်ပိုင်နတ်ဖြစ်တဲ့ ဟုန်းနတ်က အညှိုးထားခဲ့ပါသတဲ့..

ကျိုက်ထီးရိုးမောင်နှမ ဖိုးပန်းတင်နှင့် ရွှေနန်းကျင်ရုပ်တုများ




မြတ်စွာဘုရားသည် တပည့်သံဃာတော်တို့ကို သာသနာပြု စေလွှတ်တော်မူသောအခါ အရှင်ဂဝံပတေ့ ရဟန္တာသည် ရာမညတိုင်းသုံးရပ်တို့ကို ရောက်ရှိခဲ့ပါသတဲ့ အဲဒီအခါ.. ရှေးဘဝက အဖတော်စပ်ခဲ့သော တိဿရသေ့ကြီးအား တရားဟောကြားခဲ့ပြီး ကျေးဇူးဆပ်သောအနေဖြင့် မြတ်စွာဘုရားကိုယ်တော်တိုင် ထိုအရပ်သို့ ကြွရောက်စေသောငှာ လျှောက်ထားပေးခဲ့ပါတယ်.. ဒါကြောင့် မဟာကရုဏာရှင်မြတ်စွာသည် ရာမညတိုင်းသို့ ကြွရောက်ပြီးတိဿရသေ့ကြီးတို့ ညီနောင်အပါအဝင် အခြားရသေ့ကြီးများ (စုံအောင်မမှတ်မိတော့ပါ) အား တရားဒေသနာ ဟောကြားတော်မူကာ ဆံတော်ဓါတ်အမွေများ ပေးသနားတော် မူခဲ့ပါသတဲ့.. မှတ်မိသမျှ ထိုဆံတော်များ ဌာပနာသွင်းကာ တည်ထားခဲ့သော မြတ်စေတီများကတော့

(၁) ကေလာသဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာ)
(၂) ကျိုက်ဒေယျုံဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်)
(၃) ကျိုက်ထီးဆောင်းဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ)
(၄) ဇုက္ကလိဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာ)
(၅) ကုသိနာရုံဆံတော်ရှင် (ဘီးလင်းမြို့နယ်)
(၆) သက္ကထူပ ဆံတော်ရှင် (သထုံခရိုင်)
(၇) မဏိမေခလာထူပ ဆံတော်ရှင်
နောက် ရှိပါသေးတယ်.. စုစုပေါင်း (၁၀) ဆူလားတော့မသိ .. ငယ်ငယ်က အလွတ်ကိုရတယ်.. ခုတော့ မမှတ်မိတော့ပါ..



ဒါကြောင့်ပါပဲ .. ရာမညမြေဟာ အလွန်ငြိမ်းချမ်းလှပါတယ်.. ရာသီဥတု ရေမြေတောတောင် မြေဆီသြဇာကောင်းမွန်ပြီး ဒေသခံတွေကလည်း ဘာသာ သာသနာအလွန်ကိုင်းရှိုင်းတဲ့ ဂန္တဝင်ဌာနေ ဖြစ်ပါတယ်.. စီခရေဇီတို့ မွေးရပ်မြေမို့ပြောတာမဟုတ်ပါ.. တကယ်ပါ..

ပြောနေတာတောင် ဘယ်ရောက်သွားပါလိမ့်.. နောက်ပို့စ်တခု ဆက်ကူးပြီးပြောမယ်နော်..

0 comments:

Post a Comment