အဲဒီလို ဘုရားရှင်က မွေတော်ထားခဲ့တဲ့ ဆံတော်မြတ်တွေကို လက်ခံရရှိသူ ရသေ့ကြီးတွေက အသီးသီး စေတီတွေ တည်ထားကိုးကွယ်ခဲ့ကြပြီး တိဿရသေ့ကြီးကတော့ မိမိအတွက် ရရှိခဲ့တဲ့ ဆံတော်တွေကို ဦးခေါင်းက ဆံကျစ်ကြားမှ ထည့်ဝှက်ပြီး ပူဇော်ခဲ့ပါသတဲ့.. ရသေ့ကြီးအိုမင်းမစွမ်းရှိလာတဲ့အခါ ဆံတော်တွေကို ဌာပနာပြုပြီး ဘုရားတည်လိုတာကြောင့် သိကြားမင်းက ကူညီပေးဖို့ပြင်ရင်မှာ တိဿရသေ့ကြီးရဲ့ ဆန္ဒအတိုင်း သူ့ဦးခေါင်းနဲ့ တူတဲ့ ကျောက်တုံးကြီးကို နတ်တန်ခိုးနဲ့ ကမ္ဘာမြေအနှံ့ ရှာဖွေရာမှာ သမုဒ္ဒရာအောက်က တွေ့ရှိပြီး ရသေ့ကြီးနေထိုင်ရာ တောင်ပေါ်မှာပဲ.. တောင်ထွတ်အစွန်းထွက်နေတဲ့ ကျောက်ဆောင်ကြီးပေါ် တင်ကာ အဲဒီကျောက်တုံးကြီးကို သံလျက်နဲ့ထွင်း၊ ပြီးတော့ ဆံတော်ရှင်တွေကို ထည့်သွင်းဌာပနာပြုလို့ စေတီတော် တည်ပါသတဲ့ .. ရသေ့၏ဦးခေါင်းပုံရှိသော ကျောက်တုံးပေါ် တည်ထားတဲ့ဘုရားမို့ ရသေ့ဦးခေါင်းဖြင့်ရွက်သော ဘုရား = ကျိုက်ဣသိယို လို့ မွန်လို ခေါ်ပါသတဲ့.. ကာလရွေ့လျောလာတဲ့အခါကျတော့ ယနေ့ ခေါ်ဝေါ်တဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်ဘုရားရယ်လို့ တွင်လာတာပေါ့.. တည်ကာစက အောက်ခံ ကျောက်ဆောင်နဲ့ ကြက်မ တစ်ဝပ်စာ လွတ်တယ်လို့ ဆိုသတဲ့ .. အဲဒီတော့ ကျောက်တုံးကြီး လေထဲ ပျံနေတဲ့ သဘောပေါ့နော်.. ယခုခေတ် အခါမှာတောင် ကျောက်လုံးတော်ကြီးရဲ့ အောက်ခြေကို ချောင်းကြည့်ရင်.. အောက်ခံ ကျောက်ဆောင်နဲ့ အစွန်းပိုင်းလေးပဲ ထိနေတာ.. အဲဒီထိနေတဲ့အပိုင်းလေးကိုလည်း နှီးပြားတစ်ပြား ဖြတ်ဆွဲရင်.. လွတ်တယ်လို့ ပြောကြတယ်.. ဘာပဲဖြစ်ဖြစ် သေချာတာကတော့ ဘုရားကြီးတည်နေပုံက သိပ္ပံနည်းကျ ကြည့်ရင် ဘယ်လိုမှ ဟန်ချက်မညီပါဘူး.. သမားရိုးကျအတိုင်းဆိုရင်.. ဒီကျောက်တုံး ပြုတ်ကိုကျရမှာ .. ဒါကြောင့် အံ့ဖွယ်တန်ခိုး ကျိုက်ထီးရိုး လို့ ခေါ်ကြတာ.. ရှေးအခါက ရိုင်းစိုင်းတဲ့ သူများဟာ ကျောက်လုံးတော်ကြီးကို ချောက်ထဲ ပြုတ်ကျအောင် ကြိုးနဲ့ ဆွဲချဖူးသတဲ့.. ဒါပေမယ့် ဘုရားတန်ခိုးတော်ကြောင့် ကျောက်လုံးတော်ကြီး မပြုတ်ကျပဲ.. ဆွဲချသူတွေသာ တောင်အောက်ကို ပြုတ်ကျပြီး သေဆုံးကြရပါသတဲ့..

ဒီနေရာမှာ တစ်ခု ပြောစရာ ကျန်တာကတော့ ရွှေနန်းကျင်ပေါ့.. မိဖုရားကြီး ရွှေနန်းကျင်ဟာ မိဘတွေကို လွမ်းဆွတ်တာကြောင့် ဘုရင်ကြီးထံ ခွင့်တောင်းပြီး ရပ်ရွာကို စစ်သည်ဗိုလ်ပါ အခြံအရံ မခေါ်ပဲ ပြန်သတဲ့ .. ငယ်ဘဝ ကရင်မလေးတစ်ယောက်လိုပဲ လွတ်လွတ် လပ်လပ် ဝတ်ဆင်လို့ပေါ့.. ကျိုက်ထီးရိုး နယ်ပယ်ထဲ ရောက်တာနဲ့ပဲ.. ယခင် မေ့လျော့ပြီး မပူဇော်မိခဲ့တဲ့ ရိုးရာ ဟုန်းနတ်ဟာ အညှိုးထားခဲ့တဲ့အတိုင်း အခွင့်အခါကြုံလာတော့ ရွှေနန်းကျင်လေးကို စီးတော်ကျားနဲ့ တိုက်ခိုက်စေသတဲ့.. ရွှေနန်းကျင်လည်း ကျားလိုက်လို့ တောင်ခြေကနေ ခြေဦးတည့်ရာ ပြေးတက်လာလိုက်တာ.. တောင်ပေါ်ရောက်တဲ့ အထိပဲတဲ့.. လမ်းခုလတ်မှာ မောလွန်းလို့ အမောဆို့ လဲကျခဲ့တဲ့နေရာတွေလည်းရှိတယ်ပေါ့.. ခုထိကို ရွှေရင်ဆို့ ရွှေရင်သာ စသဖြင့် ခြေလျင်တောင်တက်လမ်းမှာ စခန်းတွေ အမည်တွင်နေဆဲပါ.. နောက်ဆုံး ဘုရားပုရဝုဏ်နား ရောက်ကာနီးမှပဲ.. ကျားကြီးက ဘုရားရောင်ခြည်တော်ကြောင့် လှည့်ပြန်ပြေးသွားတော့သတဲ့.. ရွှေနန်းကျင်ခမျာလည်း အမောဆို့ကာ သက်ခင်ပြတ်လို့ ကျောက်ရုပ်ဖြစ်သွားရှာသတဲ့..
ရွှေနန်းကျင်ရဲ့ ကျောက်ရုပ်ကို ယခုချိန်ထိ ရင်ပြင်တော် အတက် နားမှာတင် တွေ့နိုင်ပါသေးတယ်.. ကျောက်ရုပ်က ပက်လက်အနေအထား လဲလျောင်းနေပြီး ထူးဆန်းတာတခုကတော့ ယင်တွေ အမြဲအုံနေတာပါပဲ.. ဘုရားဖူးလာသူများ အဲဒီ ကျောက်ရုပ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို နှိပ်ပေးရင် မိမိခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ရှိတဲ့ ရောဂါတွေ ပျောက်တယ် လို့ ယုံကြည်ကြပါတယ်.. အမိုးရွှေနန်းကျင်ရဲ့ နတ်နန်းကို ဘုရားအတက်မှာဖြစ်စေ.. ဘုရားက အဆင်းမှာဖြစ်စေ ဝင်ရောက် ကန်တော့လေ့ရှိကြပါတယ်.. ခုတော့ နတ်နန်းရှေ့မှာ ရွှေနန်းကျင် ဗိမ္မာန်ကို တည်ဆောက်ထားတာ တွေ့ရပါတယ်.. အဲဒီ ဗိမ္မာန်ထဲမှာ ကျိုက်ထီးရိုးသမိုင်းထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေကို မြတ်စွာဘုရားထံ လက်အုပ်ချီလျက်အနေအထား ထုလုပ်ထားတာတွေ့ရပါတယ်... ဘုရားခြေတော်ရာ ထုလုပ်ထားတဲ့ ကြာပလ္လင်နဲ့ ဗိမ္မာန်တည်ဆောက်မှုမော်ကွန်ကျောက်စာကိုလည်း တွေ့ခဲ့ရပါတယ်.. ကျောက်စာရှေ့မှာတော့ ကလေးမလေးတစ်ဦးက ကျောက်စာပါအချက်အလက်တွေကို ရေးမှတ်နေတာကို တွေ့ရလို့ သမိုင်းကိုမြတ်နိုးတတ်တဲ့ မြန်မာမလေးကိုယ်စား အရမ်း ဝမ်းမြောက်ခဲ့ရပါသေးတယ်..


0 comments:

Post a Comment