ရထားပေါ်ရောက်ပြီး မကြာခင်ပဲ ရထားကြီးက အချိန်မှန်ထွက်ခဲ့ပေါ့.. စုစုပေါင်း (၄) တွဲပဲပါတယ်.. တချို့ဘူတာရပ်တယ်.. တချို့ဘူတာ ကျော်တယ်.. ၀၅း၄၅ ရထားထွက်ပြီးမကြာခင်ပဲ ရထားပေါ်လိုက်ပါလာတဲ့ သူ အားလုံးလိုလိုပဲ အိပ်ကြပါတယ်.. ကျွန်တော်တို့မိသားစုလည်း အတုံးအရုံး အိပ်ကြတာပေါ့.. နိုးလာတော့ တောင်ငူရောက်နေပြီ... မျက်နှာလေးဘာလေးသစ်ကြပြီး ပါလာတဲ့ ထမင်းချိုင့်ကို ထုတ်စားကြ .. ပြီးတော့ ရထားလမ်းဘေးဝဲယာက ယာခင်းတွေ လယ်ကွင်းတွေကိုကြည့်ကြ .. တချို့ကတော့ စိမ်းလမ်း .. တချိုးက ခြောက်သွေ့အက်ကွဲ... တချို့စိုက်ခင်းတွေ အောင်မြင်.. တချို့စိုက်ခင်းတွေ ညှိုးနွမ်း.. ဂေါ်ဖီခင်းတွေ ဖြတ်သန်းရင်း မြေပဲခင်းများလည်းကျော်ဖြတ် .. ရပ်တဲ့ဘူတာရပ်.. ကျော်တဲ့ဘူတာကျော်.. ရထားပေါ်မှာလည်း အဖော်နဲ့စကားပြောသူပြော.. အိပ်မောကျတဲ့သူကျ.. ဒီလိုနဲ့ ခရီးဆက်လာကြတော့ မင်္ဂလွန်းဆိုတဲ့ ဘူတာလေးကို ရောက်တယ်.. အဲဒီဘူတာမှာ .. နေပြည်တော်-မော်လမြိုင်ရထားနဲ့ မော်လမြိုင်- နေပြည်တော်ရထားတို့ လမ်းရှောင်ကြတယ်.. စောတဲ့ရထားက စောင့်ရတာပေါ့.. တဘက်က အရမ်းနောက်ကျလို့ကတော့ အဲဒီမှာ တမေ့တမော ကြာပြီသာမှတ်ပေရော့.. အချိန်ကလည်း အပူဆုံး အချိန်ကောင်း နေ့လည် ၁ နာရီခန့်..
ကျွန်တော်တို့ကံကောင်းသွားတယ်ဆိုရမယ်... အဲဒီမှာ မော်လမြိုင်က ရထားက ရောက်နှင့်နေပြီမို့ ကျွန်တော်တို့ မစောင့်လိုက်ရဘူး.. နောက်ဆုံးတော့ စစ်တောင်းတံတားကြီးဖြတ်ကျော်ကာ ရာမညဌာနေ ကျိုက်ထိုမြေသို့ ရောက်ခဲ့ပါပြီ..
ဒီနေရာမှာ တစ်ယောက်တိုးလာသေးသဗျ..
ကျွန်တော်တို့ငါးယောက်က.. ကျွန်တော်ရယ် .. ပိုးဥတို့မေမေရယ်.. ပိုးဥရယ်.. ကိုကိုကြီးရယ်.. မောင်လေးရယ်ပေါ့.. ပိုးဥရဲ့ကိုကိုကြီးကတော့ မေမေ့ဘက်က အစ်မရဲ့ သားဆိုတော့ ပိုးဥနဲ့ မောင်နှမ ဝမ်းကွဲပေါ့.. သူ့ဖေဖေဆုံးပါးသွားပြီးနောက် ကျွန်တော်တို့နဲ့လာနေတယ်.. ကျောင်းတက်နေတယ်လေ.. အခု ခုနစ်တန်းစာမေးပွဲပြီးတော့ သူ့အမေရှိတဲ့ သထုံကို ခနပြန်ပို့ရမှာ.. ကျိုက်ထီးရိုးလည်း ဝင်ချင်သေးတော့ သူ့အမေကို ကျိုက်ထိုမှာ လာစောင့်ခိုင်းထားတယ်.. အခု ကျိုက်ထိုဘူတာမှာ သူစောင့်နေတယ်.. အဲဒီတော့ ကျွန်တော်တို့ အုပ်စုက ခြောက်ယောက်ဖြစ်သွားပြီပေါ့နော်..
ကျိုက်ထိုကနေ ကင်မွန်းစခန်း ကို ကိုးမိုင်ခွဲ သွားရတယ်.. လိုင်းကားနဲ့ပေါ့.. လိုင်းကားမှာလည်း ကားခ ဈေး ၂ မျိုးရှိတယ်.. တောင်ပေါ်သားနဲ့ ဘုရားဖူးပေါ့.. ကင်မွန်းစခန်းရွာသားဆိုရင် စပါယ်ယာက ၂၅၀ိ ပဲတောင်းတယ်.. ဘုရားဖူးဆိုရင်တော့ ၅၀၀ိ ပေါ့.. လမ်းဘေးဝဲယာမှာ သီဟိုဠ်ခြံတွေတွေ့ရတယ်.. အဲဒါတွေက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စိုက်ခဲ့တဲ့ဟာတွေ .. အခုနှစ်တွေမှာတော့ ရွှေခြံတွေပေါ့ဗျာ.. ရွာနားကိုနီးလာတော့ လှမ်းမြင်နေရတဲ့ တောင်ခါးပန်းတစ်ခုမှာ ဘုရားတစ်ဆူကို တွေ့ရတယ်ဆိုရင်ပဲ.. သားသားနဲ့ပိုးဥက ကျိုက်ထီးရိုး ရောက်ပြီ လို့ အော်ကြတယ်.. ဟဲဟဲ အမှန်က အဲဒါ ဓါတ်ပေါင်းစု စေတီလို့ခေါ်တယ်.. သူလည်းပဲ ကျောက်တုံးကြီးတွေပေါ်တည်ထားတာပဲလေ.. မရောက်ဖူးသေးတဲ့ ဘုရားဖူးတော်တော်များများလည်း အဲဒီလိုပဲ မှားကြတယ်.. အသွင်တူတာကိုး .. သို့သော် ကျိုက်ထီးရိုးရှင်တော်မြတ်က ရွှေသားသင်္ကန်းအတိ ဝင်းလက်လို့နေတယ်.. ဓါတ်ပေါင်းစုကတော့ ရွှေသိပ်မရှိပါ... (မျက်နှာငယ်တာပေါ့နော်... ဟိဟိ)
ကင်မွန်းစခန်း ရွာအဝင်မှာ အလယ်တန်းကျောင်းရှိတယ်.. ရှစ်တန်းအထိပေါ့.. ကျွန်တော့် အကိုနဲ့ ညီမလေးတို့က အဲဒီကျောင်းမှာပဲ ပညာသင်ယူခဲ့ပြီး အောင်မြင်စွာ ကျောင်းထွက်အိမ်ထောင်ပြု သွားကြတာလေ.. (ဂုဏ်ယူလောက်စရာပါပဲ..) ဟော ရှေ့မှာ ကျိုက်ထိုးရိုးနယ်မြေရဲ့ မုခ်ဦးကိုရောက်ပြီ.. မုခ်ဦးအောက်ကဖြတ်သန်းလာတဲ့အခါ လမ်းဘေး ဝဲယာမှာ တည်းခိုလို့ရတဲ့ စားသောက်ဆိုင်များ ၊ စားသောက်လို့ရတဲ့ တည်းခိုခန်းများ အစရှိသဖြင့် တွေ့ရပါပြီ.. ပြီးတော့ ဂေါပက ရုံး၊ ပြီးတော့ တောင်တက်ကားဂိတ်၊ ပြီးတော့ ကျွန်တော်တို့ဆင်းရမယ့် ဂိတ်ဆုံးပေါ့..
ကားပေါ်ကဆင်းလိုက်တယ်ဆိုရင်ပဲ.. အသဲအသန် ခရီးဦးကြိုပြုလို့ နားပါအုံးလား .. ထမင်းစားပါအုံးလား .. ရေချိုးပါအုံးလားပေါ့.. အမျိုးသား အမျိုးသမီး လေးငါးခြောက်ယောက်လောက် တွေ့ရတယ်.. အဲဒါတွေ ဧည့်ကြိုတွေလေ..
ကျွန်တော်တို့သွားမှာက ကင်မွန်းစခန်းကျေးရွာရဲ့ အပေါ်ပိုင်းလို့ခေါ်တယ်ဗျ.. အရင် ခြေလျင်လမ်းအတိုင်း သွားရတာပေါ့.. ကားဝင်းရဲ့ဘေးမှာတော့ မဟာရက္ခိန္ဒေဝ တောင်ပိုင်ဘိုးဘိုးကြီးရဲ့နတ်နန်း ရှိတယ်.. ဒီဘိုးဘိုးကြီးဟာ ကျိုက်ထီးရိုးရှင်တော်မြတ်ဘုရားကို တည်ထားစဉ်အခါက မဟာဝါသဝ ဘိုးတော် သိကြားမင်းက ဘုရားဖူးလာသူ သူတော်စင်အပေါင်းတို့ကို ဤတောင်ပေါင်း ၃၃ လုံးတို့မှ နတ်ဆိုးနတ်ကြမ်းများက မနှောင့်ယှက်နိုင်ရန်အလို့ငှာ စောင့်ရှောက်ရန်အတွက် ခေါင်ချုပ်ဘိုးတော်အဖြစ် တာဝန်ပေးအပ်ထားတာလို့ သိရပါတယ်.. ဘုရားသမိုင်းအရ ဆံတော်ရှင်မြတ်ဘုရားတည်တော်မူရာ တောင်တန်းတစ်လျှောက်မှာ တောင်ပေါင်း ၃၃ လုံးရှိပါတယ်.. တောင်တိုင်းဟာ နတ်ကြီးပါတယ်.. ပြောမှားဆိုမှား မခံပါဘူး.. လက်တွေ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်.. ကျားလိုက်ခံရတာတို့ .. မူးမေ့ရူးသွပ်တာတို့.. ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. ကားမှောက်တာ.. ချောက်ထဲလိမ့်ကျတာ.. မတော်တဆ ဆိုမလား .. အမှားအယွင်းဆိုမလား .. ဆိုချင်တာဆိုပါ.. ယုံကြည်မှုတစ်ခု ရှိစေတာကတော့ မဟာရက္ခိန္ဒေဝ ဘိုးဘိုးကြီးကို ဦးတိုက်ကန်တော့လိုက်တာပါပဲ.. ကလေးများ ဘိုးတော်ကြီးကို ကန်တော့စဉ်မှာ မသိနားမလည်၍ ကလေးသဘာဝ ပြောမှားဆိုမှား ပြုမှားခဲ့သည်ရှိသော် ခွင့်လွှတ်ပါရန် .. တောင်းပန်ခဲ့ပါတယ်.. ဘိုးတော်ကြီးရဲ့ ရုပ်တုဘေးမှာတော့ တင်းပုတ်ထမ်းလျက် အဘဦးရဲကျော် ဆိုတဲ့ အစောင့်ရုပ်တုကို တွေ့ပါတယ်.. ထို့အတူ ကျားကြီးတစ်ကောင်ကိုလည်း လက်ရာမြောက်စွာ ထွင်းထုထားတာကိုတွေ့ပါတယ်.. ဘိုးဘိုးကြီးအနေနဲ့ မြတ်ဆံတော်ရှင် ကို ဖူးမြော်ရန်လာကြသူ အပေါင်းကို ဘေးမသီ ရန်မခပဲ မမောမပန်းတောလမ်းခရီးမှ လိုရာရောက်အောင် စောင့်ရှောက်တော်မူပါရန်.. ကန္နားထိန်း အဘက ဆုမွန်ချွေပေးနေတာကိုစောင့်ဆိုင်းပြီးနောက် ကျွန်တော်တို့ အမေ့အိမ်ကို တက်ခဲ့ကြပါတယ်..

0 comments:

Post a Comment