အမေ့အိမ်ကိုသွားတဲ့လမ်းက အရင်ခြေလျင်တောင်တက်လမ်းလို့ပြောခဲ့တယ်နော်.. လမ်းပေါ်စတက် လိုက်တာနဲ့ လက်ဖက်ရည်ဆိုင်တွေ .. ပြီးတော့ ထမင်းဆိုင်တန်း၊ အဲဒါကိုကျော်လာရင် .. ယိုစုံဆိုင်တန်းကိုရောက်ပါတယ်..၊ အဲဒီမှာ ယိုဝယ်အုံးလေ.. ယိုမြည်းပါအုံးလား အစရှိသဖြင့် ခွန်းချို ဖိတ်ခေါ်နေတဲ့ ဘုရားဈေးသူလေးတွေကို တွေ့ရတယ်.. ကျွန်တော်တို့ငယ်ငယ် အဲဒီယိုဆိုင်တွေက အပျိုချောတွေနဲ့ ဘာညာဘာညာပေါ့ဗျာ.. တမျိုးမထင်ပါနဲ့ ပိုးကြပန်းကြတာကို ပြောပါတယ်..၊ အဲဒါကိုကျော်လိုက်တော့ မြန်မာနိုင်ငံမှာ အကြီးဆုံး ဓားမြှောင်၊ ဓားရှည်.. ၊ ကင်ဒိုဓါး၊ လှံ၊ လှံပုဆိန်၊ တရုတ်ဓားမ ၊ ဗမာ ဓားမ၊ ဓားမောက် ၊ ပစ္စတို၊ M16၊ ရိုင်ဖယ်သေနတ်မျိုးစုံ.. ရော့ကတ်လောင်ချာများ၊ ဒုံးလောင်ချာများ၊ အမျိုးအမည်မသိတဲ့ လက်နက်ကြီးလက်နက်ငယ်များကို နိုင်ငံတော်ထံမှလိုင်စင် မယူပဲ ထုတ်လုပ်ခင်းကျင်း ရောင်းချတဲ့ လက်နက်ဈေးကွက်ကိုရောက်ပါတယ်.. သင်သေနတ်တစ်လက် ကိုင်ချင်ရင် ဥပဒေနဲ့မလွတ်ကင်းဘူးလို့ထင်သလား .. ကျိုက်ထီးရိုးကိုသွားပါ.. လက်နက်မျိုးစုံကို ကိုင်လို့ရတယ်.. ဟဲဟဲ..
တခုတော့ရှိတယ်.. သေနတ်တိုင်းက တောက်တောက်တောက်တောက် လို့ပဲ အသံထွက်တယ်... ခံစားချက်အပြည့်နဲ့ကိုင်လို့ရတယ်.. သေနတ်တွေရဲ့မော်ဒယ်ကလည်း စုံတယ်.. ကျိုက်ထီးရိုးပြန်လက်ဆောင် ဆိုတာကအစ၊ အတွဲမရှိရင် ဆွဲစိလိုက်မယ် ဆိုတာအလယ်.. ၊ ယောက္ခမကြီးအတွက်ဂွတ်ရှယ် ဆိုတာ အဆုံး.. မော်ဒယ်စုံပဲ.. ကျိုက်ထီးရိုးဒေသ ပုံတော်အစုံ ခရုကမာလည်ဆွဲလေးများ၊ တောင်ဝှေး၊ ပုတီး၊ ရွာလွတ်ကထုတ်တဲ့ သစ်သားဘောလ်ပင် ရုပ်တုတော်စုံ... ဈေးတန်းတစ်လျှောက် ဝယ်ပါယူပါ တစာစာနဲ့ ပျော်စရာ ရာမညတိုင်းပါပဲ..
အန္တရာယ်ကြီးမားတဲ့ လက်နက်ဈေးကွက်ကို ကလေးတွေကျော်လွှားနိုင်အောင်လုပ်ဖို့ဆိုတာ ဂါဇာကမ်းမြောင် ပဋိပက္ခကို ငြိမ်းချမ်းရေးလုပ်ပေးဖို့ထက် ခက်ပါတယ်.. လက်ညှိုးလေးတွေတငေါက်ငေါက်ထိုးရင်း ဟိုဟာ ဒီဟာ ဝယ်ပေးဖို့တောင်းဆိုနေတဲ့ ကလေးသုံးယောက်ကို ဂျော့ဒဗလျူဘုရှ် စေ့စပ်စကားဆိုသလို လှည့်ပတ်ပြောဆိုရင်း ကျော်ဖြတ်လာခဲ့ပါတယ်..




ဟော... ဟိုမှာကြည့်စမ်း
ခပ်လှမ်းလှမ်းက .. လမ်းရဲ့ ဘယ်ဘက်..
ကုန်းမြင့်ထက်မှာ .. ..
ညိုပြာပြာ အရောင်မှိုင်း..
အုံ့ဆိုင်းနေတဲ့သစ်ရိပ်နဲ့..
အေးချမ်းတဲ့ ရိပ်မြုံလေ...

အဲဒီမှာ...အမေရှိတယ်..

အမေရေ.. လို့
မြတ်နိုးစွာ အသံပြုစဉ်..
အဖြူတဝက်ဆံပင်..
အိမ်နေအဆင် အထည်နွမ်းနဲ့
လှမ်းထွက်လာတာ ငါ့အမေပါ့..

ရက်စက်ပေ့သားမောင်..
ခုနစ်နှစ်တောင်ရှိရော့..
စာမလာ သတင်းမကြား..
မင်းအလွန်စိမ်းကားတယ်ရယ်လို့..
ဝမ်းသာစွာစကားဆို.. အမေငိုလေရော့..
•••
ပြောမကုန်နိုင် ဘဝအမောများ..
အထီးကျန်အချိန်တွေများရော့ထင့်..
သားရှင့်အမေ ခုများဖြင့်ပျော်လေပေါ့..
ဒါငါ့သား .. ဘယ်အဆင့်များမှာ ရှိပါ့..
ဟိုး .. နေပြည်တော်ကလာရတာ..
အမေ့မှာ ကြွားလိုက်ရပုံလေ..

တိုင်ပင်ဖော် တိုးတိုးဖက်
ဇရာအိုအမေ့ဘက်မှာ
မရှိတာကြာလေပေါ့..
ဟင်းချက်ရင်း ပြောကြလေတယ်..
ချွေးမရယ် ဒီလိုဒီအကြောင်းပေါ့..
ဆူဆူညံ ဆော့ပြန်တဲ့မြေးများ..
ထွားလိုက်တဲ့အငယ်ကောင်..
မဆုံးနိုင်အောင် စကားတွေချွေရင်း..
အမေ့အဆင်းတွေ နုပျိုလာပေါ့...

ပျော်ပါအမေ..ပျော်လိုက်ပါလေအုံး..
ချစ်သားမောင် ရောက်တုန်းပေါ့။


0 comments:

Post a Comment