ဖတ်မိတဲ့သူများ ပြောကြအုံးမယ်.. ဘယ်လိုလူတွေက ပြောမလဲဆိုတော့ ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ဆိုတဲ့ ပုဂ္ဂိုလ်များက ပြောမှာပါ.. ဘုရားဆွမ်းတော်ကပ်တာပဲ.. သန့်ရှင်းစင်ကြယ်စွာပြုလုပ်ထားတဲ့ ဆွမ်းတော်ကို ရိုသေစွာကပ်လှူလိုက်ရင် ကုသိုလ်ပဲ မဟုတ်လား.. မှန်ပါတယ်.. မှန်ပါတယ်..
ဒါပေမယ့် .. ဒါပေမယ့်ပေါ့လေ.. ယုံကြည်ရာ .. ယုံကြည်ရာပေါ့... နှစ်သက်တဲ့အခါ နှစ်သက်သလို လုပ်လို့ရအောင်ပေါ့.. စီစီလည်းပဲ ရိုက်လက်စနဲ့မို့လို့လေ.. သုံးချင်တဲ့သူသုံးလို့ရအောင် ဆိုပြီး တင်ပေးလိုက်ပါတယ်.. တစ်စုံတစ်ဦးများ အသုံးတည့်သွားတယ်ဆိုရင်တော့ စီစီ ရိုက်ပေးရကျိုးနပ်ပါပြီမို့ ဝမ်းသာလှပါကြောင်း..
Labels: Ebook
အရင်က တင်ပေးထားတဲ့ ဇီဝဘက်ထရီပို့စ်ကို လာဖတ်သွားပြီးတော့ ပြန်လုပ်ကြည့်သူတချို့က အမှားအယွင်းရှိတယ်လို့ ပြန်ပြောကြလို့ပါ..
အလွယ်ဆုံးနည်းလမ်းလေးကို ပြန်လည်ပြုစုထားပါတယ်..
Bio
Labels: နည်းပညာ
တခါတုန်းကပေါ့.. crystalrays ဖိုရမ် မှာ အနူတောက လူချော ကျွန်တော် ဆိုတဲ့ နာမည်လေးနဲ့ တော့ပစ်တစ်ခုရေးဖူးတယ်.. အခု အဲဒီကို ပြန်ရောက်သွားတော့ အတွေးတစ်ခုပေါ်တယ်.. ငါအရူးထတုန်းက ရေးခဲ့တာလေး ပြန်စုထားရင်ကောင်းမယ်ပေါ့.. အဲဒါနဲ့ပဲ ဒီ ဖိုင်လေးကို လုပ်ဖြစ်ပါတယ်..
အခွင့်အရေးရတုန်း လက်မလွတ်စတမ်း ကြိုးပမ်း လုပ်ကိုင်နိုင်ခဲ့လို့ အောင်မြင်ခဲ့တဲ့ အလုပ်သမားလေးတစ်ယောက်ရဲ့ အကြောင်းပါ..
Anudaw_luchaw
Labels: အထွေထွေ
Blog ရေးနည်းကို စပြီးလေ့လာတော့မယ်ဆိုတုန်းက စေတန်ဂေါ့စာအုပ်ကလေးထဲမှာ C box နဲ့ပတ်သက်ပြီး ပြောသွားတာလေးကို သတိရမိပါတယ်.. Blog ထဲမှာ Cbox ထည့်ထားတာဟာ မိတ်ဆွေတွေရဲ့ နှုတ်ဆက်စကား အကြံပြုစကားတွေကို ရနိုင်ယုံတင်မကဘဲ ဝင်ဆဲသွားတာမျိုး အမြင်ကပ်လို့ ကောင်းချီးသြဘာပေးသွားတာမျိုးလည်း ကြုံရနိုင်တယ်ပေါ့နော်.. အခုတော့ စတွေ့ပါပြီ.. သုံးချင်စိတ်ဖြစ်လာသူတဲ့.. ကျွန်တော့ Blog Footer မှာ ရေးထားတဲ့အတိုင်းပါပဲ.. ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကျွန်တော်မြတ်နိုးတဲ့ ကျွန်တော်နေထိုင်တဲ့ ဒေသမှာ ဖြစ်ပေါ်လာနေတာတွေ လှပလာနေတာတွေကို မှတ်တမ်းလေးတင်ထားတာပါ.. ကြိုက်ရင် ယူသုံးနိုင်ဖို့လည်း ပုံတွေကို ဆိုဒ်ကောင်းကောင်းနဲ့ တိုက်ရိုက် Link တွေကို ဖွင့်လှစ်ပေးထားတာပါ.. ဒါပေမယ့် ကျွန်တော့်အပေါ်ကျရောက်လာမယ့် ပြဿနာတွေအတွက် ကြိုတင်ပြီး သတိပေးချင်လို့ အဲဒီ footer လေးကို ရေးထားတာပါ.. မည်သူမဆို မည်သည့်နေရာတွင်သုံးသည်မဆို ကျွန်တော် ဘာမှမတတ်နိုင်ပါဘူး.. ဘယ်နေရာမှာသုံးသွားတယ်ဆိုတာလည်း ကျွန်တော် သိလိုက်မှာမဟုတ်ပါဘူး.. အဲဒီအတွက်လည်း ကျွန်တော် တာဝန်ယူနေမှာမဟုတ်ပါဘူး .. ခုလိုဝင်ပြီး သတိပေးသွားတာကိုပဲ ကျေးဇူးတင်ပါတယ်.. တခုတော့ တောင်းပန်ချင်တယ်.. အရမ်းနာကြည်းနေကြရင် အပြင်မှာ လုပ်ကြပါ.. ရိုးရိုးလေး ရပ်တည်နေတဲ့ ကျွန်တော့် Blog လေးထဲကို မုန်တိုင်းမထန်ကြပါနဲ့.. တောင်းပန်တာပါ..
ပြောထားပြီးပါပြီ.. ရိုးရိုးရှင်းရှင်းလေးပါပဲဗျာ...
နေပြည်တော်မှာ မဟာသင်္ကြန် စည်ကား သိုက်မြိုက်စေဖို့အတွက် သင်္ကြန်တွင်း အကျနေ့ကနေ အတက်နေ့အထိ အထူးနည်းပညာပြပွဲ ပြုလုပ်ပါမယ်..
မှာ ကြည့်ရှုနိုင်ပါကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာ သတင်းကောင်းပါးအပ်ပါတယ်..
Labels: အထွေထွေ
Labels: နည်းပညာ
Labels: အထွေထွေ
ရွှေနန်းကျင်ရဲ့ ကျောက်ရုပ်ကို ယခုချိန်ထိ ရင်ပြင်တော် အတက် နားမှာတင် တွေ့နိုင်ပါသေးတယ်.. ကျောက်ရုပ်က ပက်လက်အနေအထား လဲလျောင်းနေပြီး ထူးဆန်းတာတခုကတော့ ယင်တွေ အမြဲအုံနေတာပါပဲ.. ဘုရားဖူးလာသူများ အဲဒီ ကျောက်ရုပ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို နှိပ်ပေးရင် မိမိခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ရှိတဲ့ ရောဂါတွေ ပျောက်တယ် လို့ ယုံကြည်ကြပါတယ်.. အမိုးရွှေနန်းကျင်ရဲ့ နတ်နန်းကို ဘုရားအတက်မှာဖြစ်စေ.. ဘုရားက အဆင်းမှာဖြစ်စေ ဝင်ရောက် ကန်တော့လေ့ရှိကြပါတယ်.. ခုတော့ နတ်နန်းရှေ့မှာ ရွှေနန်းကျင် ဗိမ္မာန်ကို တည်ဆောက်ထားတာ တွေ့ရပါတယ်.. အဲဒီ ဗိမ္မာန်ထဲမှာ ကျိုက်ထီးရိုးသမိုင်းထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေကို မြတ်စွာဘုရားထံ လက်အုပ်ချီလျက်အနေအထား ထုလုပ်ထားတာတွေ့ရပါတယ်... ဘုရားခြေတော်ရာ ထုလုပ်ထားတဲ့ ကြာပလ္လင်နဲ့ ဗိမ္မာန်တည်ဆောက်မှုမော်ကွန်ကျောက်စာကိုလည်း တွေ့ခဲ့ရပါတယ်.. ကျောက်စာရှေ့မှာတော့ ကလေးမလေးတစ်ဦးက ကျောက်စာပါအချက်အလက်တွေကို ရေးမှတ်နေတာကို တွေ့ရလို့ သမိုင်းကိုမြတ်နိုးတတ်တဲ့ မြန်မာမလေးကိုယ်စား အရမ်း ဝမ်းမြောက်ခဲ့ရပါသေးတယ်..
Labels: အထွေထွေ
(၁) ကေလာသဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာ)
(၂) ကျိုက်ဒေယျုံဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်)
(၃) ကျိုက်ထီးဆောင်းဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ)
(၄) ဇုက္ကလိဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာ)
(၅) ကုသိနာရုံဆံတော်ရှင် (ဘီးလင်းမြို့နယ်)
(၆) သက္ကထူပ ဆံတော်ရှင် (သထုံခရိုင်)
(၇) မဏိမေခလာထူပ ဆံတော်ရှင်
နောက် ရှိပါသေးတယ်.. စုစုပေါင်း (၁၀) ဆူလားတော့မသိ .. ငယ်ငယ်က အလွတ်ကိုရတယ်.. ခုတော့ မမှတ်မိတော့ပါ..
ပြောနေတာတောင် ဘယ်ရောက်သွားပါလိမ့်.. နောက်ပို့စ်တခု ဆက်ကူးပြီးပြောမယ်နော်..
Labels: အထွေထွေ
ခနနေတော့ သူတို့မေမေ မောပြီ.. တွဲတက်ရတယ်ပေါ့.. ရှေ့က ပိုးဥကတော့ ဘယ်တောင် ရောက်သွားတယ်မသိ ဒီလိုနဲ့ ဖြည်းဖြည်းချင်း တက်လာလိုက်တာ.. နောက်ဆုံးတော့ ရောက်ပါပြီ .. ပထမဆုံး ကျောက်သမ္မဗ္ဗာန် ဘုရား.. နောက်တော့ ရင်ပြင်တော့ မုခ်ဦး .. ခန့်ညားလိုက်လေခြင်း ကျက်သရေရှိလိုက်လေခြင်း ထည်ဝါလိုက်လေခြင်းရယ်လို့ မြန်မာလူမျိုးဖြစ်ရတာ ဂုဏ်ယူမိပါသေးတယ်.. ဒါပေမယ့် အမျိုးသမီးများ ဘုရားရင်ပြင်တော်ပေါ်သို့ စကတ်အတို အရှည် ရှေ့ကွဲ နောက်ကွဲ ဘောင်းဘီအတိုအရှည် ဝတ်၍ မတက်ရ ဆိုတဲ့ အနီရောင်ဆိုင်းဘုတ်ကို တွေ့တော့ နည်းနည်း နင်သွားတယ်.. ဒါတွေက ပြောနေစရာ လိုသေးသလား.. လိုလို့ပြောနေတာလား .. မလိုဘဲပြောနေတာလား .. ဗမာမလေးတွေအတွက်လား .. နိုင်ငံခြားသား အမျိုးသမီးဧည့်သည်တွေ အတွက်လား.. ဘာပဲဖြစ်ဖြစ် အဲဒီနားမှာ အကွဲတွေ အတိုအရှည်တွေ အားလုံး ချွတ်ပြီး ထမီနဲ့ပဲ တက်ရတယ်ဗျ.. ဟိဟိ
အတွေးနဲ့အတူ ဘုန်းကြီးကျောင်းဆီ လှမ်းလာခဲ့တယ်.. မိသားစုတွေကတော့ ရင်ပြင်တော်ပေါ်က အရိပ်တစ်နေရာမှာ နားနေကြရဲ့.. ကျောင်းပေါ်တက်ပြီး ဘုန်းဘုန်းကို လျှောက်တော့ အေးအေးဆေးဆေးပဲ.. မှတ်ပုံတင်ယူထားလိုက်တယ်.. အခန်းသော့ ပေးတယ်.. အခန်းက လူ ဆယ်ယောက်လောက် တန်းစီအိပ်လို့ ရတယ်.. မီးချောင်းတစ်ချောင်းထွန်းထားတယ်.. ကဲ ဘာလိုသေးလဲ.. အိပ်ယာလိုတယ်.. ပြဿနာမရှိပါ.. စောင်ခေါင်းအုံးငှားတဲ့ နေရာရှိတယ်.. ဘုန်းကြီးကျောင်းအပြင်ကိုထွက်ပြီး ဆိုင်မှာ သွားငှားတယ်..
ခေါင်းအုံးတစ်လုံး | ၂၀၀ိ | ၂၀၀ိ×၆ | ၁၂၀၀ိ |
စောင်တစ်ထည် | ၅၀၀ိ | ၅၀၀ိ×၃ | ၁၅၀၀ိ |
ဂွမ်းကပ်တစ်ထည် | ၂၀၀၀ိ | ၂၀၀၀ိ×၁ | ၂၀၀၀ိ |
စုစုပေါင်း | ၄၇၀၀ိ |
---|
Labels: အထွေထွေ
မိသားစုစုံလင်စွာ.. ပျော်ရွင်စွာ လက်ယှက်လို့ .. တောင်တက်ကားဂိတ်ဆီ ရောက်ခဲ့တယ်.. လမ်းတစ်လျှောက်မှာတော့ ဟိုအရင်ငယ်စဉ်က ခင်ခဲ့တဲ့ ရွာခံ အစ်ကိုကြီးတစ်ချို့က လက်ဖက်ရည်သောက်ပါအုံး ခေါ်ကြသေးရဲ့..
ကင်မွန်းစခန်းကနေ ကျိုက်ထီးရိုးဆံတော်ရှင်ထိကို ခြေလျင်လမ်းကနေတက်ရင် ခုနစ်မိုင်ခွဲ ရှိပါတယ်.. သာမန် နားလိုက်တက်လိုက် အေးအေးဆေးဆေးသွားရင်တောင် လေးနာရီလောက် တက်ရင် ရောက်ပါတယ်..
ခုတော့ တောင်ပေါ်အထိ ကားလမ်းဖောက်ထားပြီဖြစ်လို့ တကယ်သာမောင်းရင် နာရီဝက်တောင် ကြာမယ်မထင်ဘူး.. ကားတွေကတော့ အင်မတန်မှ အင်ဂျင်စက်အားကောင်းမွန်တဲ့ ဒိုင်နာအမျိုးအစားတွေပါ.. တကယ်ကို ကောင်းပါတယ်.. အမိုးဖွင့်ထားပြီးတော့ ၄" x ၂ " သစ်ပြားတွေကို ခုံအဖြစ်ခင်းထားပေးပါတယ်.. ခုနစ်ယောက်တစ်တန်း ကျပ်ကျပ်တည်းတည်းထိုင်ရပါတယ်.. ရှစ်တန်း ရှိပါတယ်.. အဲဒီတော့ စုစုပေါင်း ၅၆ ယောက်ပေါ့.. ခေါင်းခန်း နဲ့ စပယ်ယာအပါအဝင် လူပေါင်း ၆၀ လောက်တင်ထားတဲ့ အဲဒီတောင်တက်ကားဟာ အမြင့်ပေ ၄၀၀၀ ကျော်တဲ့ တောင်ပေါ်ကို မတ်စောက်တဲ့ အတက်လမ်းတွေ ကြောက်မက်ဖွယ် ဂငယ်ကွေ့တွေ ကိုကျော်ဖြတ်ရင်း အရှိန်ပြင်းပြင်းနဲ့ မောင်းတက်ရပါတယ်.. မတ်တာမှ တော်တော်ကို မတ်ပါတယ်.. လမ်းတစ်ဘက်က ချောက်နက်ကြီး ၊ တဘက်မှာ တောင်ကြီးနံရံ .. အတိမ်းအစောင်းမခံတဲ့ မြိုင်ယံလမ်းပေါ် သူတော်ကောင်းဘုရားဖူးတွေကို စိန္တေထံ ပို့ဆောင်ပေးနေတဲ့ ယာဉ်မောင်းတွေ တော်တော် ကုသိုလ်ရကြမှာပါ..
ကားခက သတ်မှတ်ထားပြီးသား ၁၅၀၀ိ/ အသက်အာမခံ ပါပြီး ... တဲ့ ကလေးခကတော့ ၈၀၀ိ ပေါ့.. မကြာခင် တောင်ပေါ်က အဆင်းကားနဲ့ တောင်အောက်က အတက်ကား ဆုံကြရာ ၁၀ မိနစ်စခန်းကို ရောက်ခဲ့တယ်.. အရင်က လမ်းတွေအရမ်းကျဉ်းလွန်းတော့ အဲဒီနေရာမှ အတက်အဆင်းကားတွေ ရှောင်ကြရတယ်.. ၁၀ မိနစ်စခန်းရဲ့ အထက်မှာ ကားနှစ်စီးရှောင်သာလောက်အောင် လမ်းကျယ်မရှိပါ.. တောင်ပိုင်ဘိုးဘိုးကြီး နတ်ကွန်းတစ်ခုတွေ့လို့ ပိုးဥရေ.. ဘိုးဘိုးကို ကန်တော့ပါအုံးဆိုတော့ သမီးလေးက ပြေးကန်တော့တယ်.. အလှူခံ များ က ကားပေါ်တက်တဲ့လှေကားလေးကနေ တောင်တက်လမ်းမ နဲ့ လမ်းတံတားများပြုပြင်ချဲ့ထွင်ရန် ဆိုပြီး အလှူလာခံကြတယ်..
အဲဒီနောက် ကားဆက်ထွက်လာတယ်.. မကြာခင်ပဲ မတ်စောက်တဲ့တောင်ကွေ့အတက်တွေကိုတွေ့ရတယ်.. နှစ်ဆင့် သုံးဆင့် မတ်မတ်ကြီးတွေပေါ့.. မရောက်ဖူးသူများ ဘုရားတနေကြရဲ့ အထူးသဖြင့် ပိုးဥတို့မေမေပေါ့.. သမ္ဗုဒ္ဓေ ဘယ်နှခေါက်မှန်းတောင် မသိဘူးဆိုပဲ.. ဟိဟိ.. ဒီလိုနဲ့ တက်ရင်းဆင်းရင်း .. ရသေ့တောင် ကားဂိတ်ကို ရောက်ပါပေါ့.. အရင်ကတော့ ရင်ပြင်တော်အနီး ရွှေနန်းကျင်စခန်းအထိ ကားတွေ တက်ခွင့်ပြုတယ်တဲ့.. ခုတော့ ခွင့်မပြုတော့ဘူး.. ကျွန်တော်ကတော့ အဲဒါကောင်းတယ်လို့ တွက်လိုက်တယ်.. ဘာလို့လဲဆိုတော့ တောင်ပေါ်တက်ပါတယ်ဆိုမှ နည်းနည်းတော့ တက်အုံးမှပေါ့နော... ဟိုးအပေါ်အထိ ကားနဲ့ဆိုမှတော့ ဘာအရသာ ရှိအုံးမှာလဲ.. တခုပဲ စိုးရိမ်တယ်.. ပိုးဥက နေသိပ်မကောင်းဘူး.. တက်နိုင်ပါ့မလားမသိ.. မတက်နိုင်ရင် အထမ်းသမားတွေနဲ့ ထမ်းစင်လေးထဲထည့်ပြီး လွှတ်လိုက်မယ်လို့ တွေးထားတယ်.. မိသားစုတွေ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်..
အဝေးဆီမှာ သီသီပျပျ လှမ်းမြင်နေရတာက ဖူးချင်လှတဲ့ ဆံတော်ရှင် မဟုတ်လား .. ပိုးဥရေ.. မှတ်သားလို့ထားလိုက်ပါ့.. အဲဒါမှ ကျိုက်ထီးရိုးတဲ့ သမီးရဲ့.. အခုကြည့်ရင်တော့ ချောက်ကြီး ခြားနေသေးတယ်.. အချိန်အနည်းငယ် တောင်ပေါ်ဆက်တက်ရင်.. ရောက်ပြီပေါ့..
Labels: အထွေထွေ
တခုတော့ရှိတယ်.. သေနတ်တိုင်းက တောက်တောက်တောက်တောက် လို့ပဲ အသံထွက်တယ်... ခံစားချက်အပြည့်နဲ့ကိုင်လို့ရတယ်.. သေနတ်တွေရဲ့မော်ဒယ်ကလည်း စုံတယ်.. ကျိုက်ထီးရိုးပြန်လက်ဆောင် ဆိုတာကအစ၊ အတွဲမရှိရင် ဆွဲစိလိုက်မယ် ဆိုတာအလယ်.. ၊ ယောက္ခမကြီးအတွက်ဂွတ်ရှယ် ဆိုတာ အဆုံး.. မော်ဒယ်စုံပဲ.. ကျိုက်ထီးရိုးဒေသ ပုံတော်အစုံ ခရုကမာလည်ဆွဲလေးများ၊ တောင်ဝှေး၊ ပုတီး၊ ရွာလွတ်ကထုတ်တဲ့ သစ်သားဘောလ်ပင် ရုပ်တုတော်စုံ... ဈေးတန်းတစ်လျှောက် ဝယ်ပါယူပါ တစာစာနဲ့ ပျော်စရာ ရာမညတိုင်းပါပဲ..
အန္တရာယ်ကြီးမားတဲ့ လက်နက်ဈေးကွက်ကို ကလေးတွေကျော်လွှားနိုင်အောင်လုပ်ဖို့ဆိုတာ ဂါဇာကမ်းမြောင် ပဋိပက္ခကို ငြိမ်းချမ်းရေးလုပ်ပေးဖို့ထက် ခက်ပါတယ်.. လက်ညှိုးလေးတွေတငေါက်ငေါက်ထိုးရင်း ဟိုဟာ ဒီဟာ ဝယ်ပေးဖို့တောင်းဆိုနေတဲ့ ကလေးသုံးယောက်ကို ဂျော့ဒဗလျူဘုရှ် စေ့စပ်စကားဆိုသလို လှည့်ပတ်ပြောဆိုရင်း ကျော်ဖြတ်လာခဲ့ပါတယ်..
ဟော... ဟိုမှာကြည့်စမ်း ခပ်လှမ်းလှမ်းက .. လမ်းရဲ့ ဘယ်ဘက်.. ကုန်းမြင့်ထက်မှာ .. .. ညိုပြာပြာ အရောင်မှိုင်း.. အုံ့ဆိုင်းနေတဲ့သစ်ရိပ်နဲ့.. အေးချမ်းတဲ့ ရိပ်မြုံလေ... အဲဒီမှာ...အမေရှိတယ်.. အမေရေ.. လို့ မြတ်နိုးစွာ အသံပြုစဉ်.. အဖြူတဝက်ဆံပင်.. အိမ်နေအဆင် အထည်နွမ်းနဲ့ လှမ်းထွက်လာတာ ငါ့အမေပါ့.. ရက်စက်ပေ့သားမောင်.. ခုနစ်နှစ်တောင်ရှိရော့.. စာမလာ သတင်းမကြား.. မင်းအလွန်စိမ်းကားတယ်ရယ်လို့.. ဝမ်းသာစွာစကားဆို.. အမေငိုလေရော့.. | ••• | ပြောမကုန်နိုင် ဘဝအမောများ.. အထီးကျန်အချိန်တွေများရော့ထင့်.. သားရှင့်အမေ ခုများဖြင့်ပျော်လေပေါ့.. ဒါငါ့သား .. ဘယ်အဆင့်များမှာ ရှိပါ့.. ဟိုး .. နေပြည်တော်ကလာရတာ.. အမေ့မှာ ကြွားလိုက်ရပုံလေ.. တိုင်ပင်ဖော် တိုးတိုးဖက် ဇရာအိုအမေ့ဘက်မှာ မရှိတာကြာလေပေါ့.. ဟင်းချက်ရင်း ပြောကြလေတယ်.. ချွေးမရယ် ဒီလိုဒီအကြောင်းပေါ့.. ဆူဆူညံ ဆော့ပြန်တဲ့မြေးများ.. ထွားလိုက်တဲ့အငယ်ကောင်.. မဆုံးနိုင်အောင် စကားတွေချွေရင်း.. အမေ့အဆင်းတွေ နုပျိုလာပေါ့... ပျော်ပါအမေ..ပျော်လိုက်ပါလေအုံး.. ချစ်သားမောင် ရောက်တုန်းပေါ့။ |
Labels: အထွေထွေ
ကျွန်တော်တို့ကံကောင်းသွားတယ်ဆိုရမယ်... အဲဒီမှာ မော်လမြိုင်က ရထားက ရောက်နှင့်နေပြီမို့ ကျွန်တော်တို့ မစောင့်လိုက်ရဘူး.. နောက်ဆုံးတော့ စစ်တောင်းတံတားကြီးဖြတ်ကျော်ကာ ရာမညဌာနေ ကျိုက်ထိုမြေသို့ ရောက်ခဲ့ပါပြီ..
ဒီနေရာမှာ တစ်ယောက်တိုးလာသေးသဗျ..
ကျွန်တော်တို့ငါးယောက်က.. ကျွန်တော်ရယ် .. ပိုးဥတို့မေမေရယ်.. ပိုးဥရယ်.. ကိုကိုကြီးရယ်.. မောင်လေးရယ်ပေါ့.. ပိုးဥရဲ့ကိုကိုကြီးကတော့ မေမေ့ဘက်က အစ်မရဲ့ သားဆိုတော့ ပိုးဥနဲ့ မောင်နှမ ဝမ်းကွဲပေါ့.. သူ့ဖေဖေဆုံးပါးသွားပြီးနောက် ကျွန်တော်တို့နဲ့လာနေတယ်.. ကျောင်းတက်နေတယ်လေ.. အခု ခုနစ်တန်းစာမေးပွဲပြီးတော့ သူ့အမေရှိတဲ့ သထုံကို ခနပြန်ပို့ရမှာ.. ကျိုက်ထီးရိုးလည်း ဝင်ချင်သေးတော့ သူ့အမေကို ကျိုက်ထိုမှာ လာစောင့်ခိုင်းထားတယ်.. အခု ကျိုက်ထိုဘူတာမှာ သူစောင့်နေတယ်.. အဲဒီတော့ ကျွန်တော်တို့ အုပ်စုက ခြောက်ယောက်ဖြစ်သွားပြီပေါ့နော်..
ကျိုက်ထိုကနေ ကင်မွန်းစခန်း ကို ကိုးမိုင်ခွဲ သွားရတယ်.. လိုင်းကားနဲ့ပေါ့.. လိုင်းကားမှာလည်း ကားခ ဈေး ၂ မျိုးရှိတယ်.. တောင်ပေါ်သားနဲ့ ဘုရားဖူးပေါ့.. ကင်မွန်းစခန်းရွာသားဆိုရင် စပါယ်ယာက ၂၅၀ိ ပဲတောင်းတယ်.. ဘုရားဖူးဆိုရင်တော့ ၅၀၀ိ ပေါ့.. လမ်းဘေးဝဲယာမှာ သီဟိုဠ်ခြံတွေတွေ့ရတယ်.. အဲဒါတွေက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စိုက်ခဲ့တဲ့ဟာတွေ .. အခုနှစ်တွေမှာတော့ ရွှေခြံတွေပေါ့ဗျာ.. ရွာနားကိုနီးလာတော့ လှမ်းမြင်နေရတဲ့ တောင်ခါးပန်းတစ်ခုမှာ ဘုရားတစ်ဆူကို တွေ့ရတယ်ဆိုရင်ပဲ.. သားသားနဲ့ပိုးဥက ကျိုက်ထီးရိုး ရောက်ပြီ လို့ အော်ကြတယ်.. ဟဲဟဲ အမှန်က အဲဒါ ဓါတ်ပေါင်းစု စေတီလို့ခေါ်တယ်.. သူလည်းပဲ ကျောက်တုံးကြီးတွေပေါ်တည်ထားတာပဲလေ.. မရောက်ဖူးသေးတဲ့ ဘုရားဖူးတော်တော်များများလည်း အဲဒီလိုပဲ မှားကြတယ်.. အသွင်တူတာကိုး .. သို့သော် ကျိုက်ထီးရိုးရှင်တော်မြတ်က ရွှေသားသင်္ကန်းအတိ ဝင်းလက်လို့နေတယ်.. ဓါတ်ပေါင်းစုကတော့ ရွှေသိပ်မရှိပါ... (မျက်နှာငယ်တာပေါ့နော်... ဟိဟိ)
ကင်မွန်းစခန်း ရွာအဝင်မှာ အလယ်တန်းကျောင်းရှိတယ်.. ရှစ်တန်းအထိပေါ့.. ကျွန်တော့် အကိုနဲ့ ညီမလေးတို့က အဲဒီကျောင်းမှာပဲ ပညာသင်ယူခဲ့ပြီး အောင်မြင်စွာ ကျောင်းထွက်အိမ်ထောင်ပြု သွားကြတာလေ.. (ဂုဏ်ယူလောက်စရာပါပဲ..) ဟော ရှေ့မှာ ကျိုက်ထိုးရိုးနယ်မြေရဲ့ မုခ်ဦးကိုရောက်ပြီ.. မုခ်ဦးအောက်ကဖြတ်သန်းလာတဲ့အခါ လမ်းဘေး ဝဲယာမှာ တည်းခိုလို့ရတဲ့ စားသောက်ဆိုင်များ ၊ စားသောက်လို့ရတဲ့ တည်းခိုခန်းများ အစရှိသဖြင့် တွေ့ရပါပြီ.. ပြီးတော့ ဂေါပက ရုံး၊ ပြီးတော့ တောင်တက်ကားဂိတ်၊ ပြီးတော့ ကျွန်တော်တို့ဆင်းရမယ့် ဂိတ်ဆုံးပေါ့..
ကားပေါ်ကဆင်းလိုက်တယ်ဆိုရင်ပဲ.. အသဲအသန် ခရီးဦးကြိုပြုလို့ နားပါအုံးလား .. ထမင်းစားပါအုံးလား .. ရေချိုးပါအုံးလားပေါ့.. အမျိုးသား အမျိုးသမီး လေးငါးခြောက်ယောက်လောက် တွေ့ရတယ်.. အဲဒါတွေ ဧည့်ကြိုတွေလေ..
ကျွန်တော်တို့သွားမှာက ကင်မွန်းစခန်းကျေးရွာရဲ့ အပေါ်ပိုင်းလို့ခေါ်တယ်ဗျ.. အရင် ခြေလျင်လမ်းအတိုင်း သွားရတာပေါ့.. ကားဝင်းရဲ့ဘေးမှာတော့ မဟာရက္ခိန္ဒေဝ တောင်ပိုင်ဘိုးဘိုးကြီးရဲ့နတ်နန်း ရှိတယ်.. ဒီဘိုးဘိုးကြီးဟာ ကျိုက်ထီးရိုးရှင်တော်မြတ်ဘုရားကို တည်ထားစဉ်အခါက မဟာဝါသဝ ဘိုးတော် သိကြားမင်းက ဘုရားဖူးလာသူ သူတော်စင်အပေါင်းတို့ကို ဤတောင်ပေါင်း ၃၃ လုံးတို့မှ နတ်ဆိုးနတ်ကြမ်းများက မနှောင့်ယှက်နိုင်ရန်အလို့ငှာ စောင့်ရှောက်ရန်အတွက် ခေါင်ချုပ်ဘိုးတော်အဖြစ် တာဝန်ပေးအပ်ထားတာလို့ သိရပါတယ်.. ဘုရားသမိုင်းအရ ဆံတော်ရှင်မြတ်ဘုရားတည်တော်မူရာ တောင်တန်းတစ်လျှောက်မှာ တောင်ပေါင်း ၃၃ လုံးရှိပါတယ်.. တောင်တိုင်းဟာ နတ်ကြီးပါတယ်.. ပြောမှားဆိုမှား မခံပါဘူး.. လက်တွေ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်.. ကျားလိုက်ခံရတာတို့ .. မူးမေ့ရူးသွပ်တာတို့.. ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. ကားမှောက်တာ.. ချောက်ထဲလိမ့်ကျတာ.. မတော်တဆ ဆိုမလား .. အမှားအယွင်းဆိုမလား .. ဆိုချင်တာဆိုပါ.. ယုံကြည်မှုတစ်ခု ရှိစေတာကတော့ မဟာရက္ခိန္ဒေဝ ဘိုးဘိုးကြီးကို ဦးတိုက်ကန်တော့လိုက်တာပါပဲ.. ကလေးများ ဘိုးတော်ကြီးကို ကန်တော့စဉ်မှာ မသိနားမလည်၍ ကလေးသဘာဝ ပြောမှားဆိုမှား ပြုမှားခဲ့သည်ရှိသော် ခွင့်လွှတ်ပါရန် .. တောင်းပန်ခဲ့ပါတယ်.. ဘိုးတော်ကြီးရဲ့ ရုပ်တုဘေးမှာတော့ တင်းပုတ်ထမ်းလျက် အဘဦးရဲကျော် ဆိုတဲ့ အစောင့်ရုပ်တုကို တွေ့ပါတယ်.. ထို့အတူ ကျားကြီးတစ်ကောင်ကိုလည်း လက်ရာမြောက်စွာ ထွင်းထုထားတာကိုတွေ့ပါတယ်.. ဘိုးဘိုးကြီးအနေနဲ့ မြတ်ဆံတော်ရှင် ကို ဖူးမြော်ရန်လာကြသူ အပေါင်းကို ဘေးမသီ ရန်မခပဲ မမောမပန်းတောလမ်းခရီးမှ လိုရာရောက်အောင် စောင့်ရှောက်တော်မူပါရန်.. ကန္နားထိန်း အဘက ဆုမွန်ချွေပေးနေတာကိုစောင့်ဆိုင်းပြီးနောက် ကျွန်တော်တို့ အမေ့အိမ်ကို တက်ခဲ့ကြပါတယ်..
Labels: အထွေထွေ
ဒီနှစ်တော့ မရောက်တာကြာပြီဖြစ်တဲ့ (ကြာဆို ၇ နှစ် ရှိပြီဗျ) ဆံတော်ရှင်ကျိုက်ထီးရိုး ခြေတော်ရင်း ကင်မွန်းစခန်းကျေးရွာက အဘွားလေး (အဘွားလေးဆိုတာကလည်း အမေရဲ့ အဒေါ်ပါ.. ဒါပေမယ့် ငယ်ငယ်ကတည်းက အမေတင် လို့ ခေါ်ခဲ့ရလို့ ခုတော့ အမေ လို့ပဲ နှုတ်ကျိုးနေတာလေ.. ) ရဲ့ အိမ်ကို သွားအုံးမှ လို့ တွေးမိပါတယ်.. ပြီးတော့ ပိုးဥလေးတို့မောင်နှမ ကလည်း ကျိုက်ထီးရိုးကို မရောက်ဖူးဘူးလေ.. အဲဒီတော့ ဘုရာလည်းဖူးရင်း မိဘလည်း ကန်တော့ရင်းလို့ အမှတ်ထားပြီး ခွင့်ငါးရက် ယူလို့ ဇာတိဌာနေ ရာမညမြေကို ရွှေနေပြည်မှ ရ ရထားကြီး ပျော်ပျော်စီးလို့ ထွက်ခဲ့ပေါ့.. နေအုံးဗျ.. မထွက်ခင် ပြောရအုံးမယ်..
လက်မှတ်က တစ်ရက်ကြိုဝယ်ရတယ်.. နေပြည်တော် မော်လမြိုင်ရထားကို စီးရတာပေါ့.. အထက်တန်း နဲ့ ရိုးရိုးတန်း လက်မှတ်တွေကြည့်လိုက်တော့ လမ်းဘူတာမှန်သမျှ ရိုးရိုးတန်း မရပါ.. ဒီထက်တောင် မသေချာသေးလို့ ဆိုပြီး ရိုးရိုးတန်းကို မရောင်းသေးဘူးတဲ့.. မော်လမြိုင် တိုက်ရိုက်ဆိုရင်တော့ လက်မှတ်က (၁၀၁) နေရာတောင် ကျန်သေးသတဲ့ .. မထူးပါဘူးကွယ် ဆိုပြီး မိသားစု ငါးယောက်စာ အထက်တန်း ငါးနေရာကို မော်လမြိုင်အထိ ဝယ်လိုက်တယ်.. ကိုယ့်ဘာသာကိုယ် ကျိုက်ထိုရောက်ရင် ဆင်းလိုက်မယ်ပေါ့..
လက်မှတ်ခကတော့ တစ်စောင်ကို (၂၃၀၀ိ) နှုန်းနဲ့ (၁၁၅၀၀ိ) ကျတယ်.. လွယ်လွယ်ကူကူပါပဲ.. တစ်ရက်ကြို နေ့လည် (၂) နာရီ လောက်ကနေ စရောင်းတယ်.. တခုပဲ စိတ်ညစ်ရတာက တန်းစီတဲ့အခါ ရွှေမြန်မာတို့ထုံးစံ အတိုင်း ကြားကဖြတ်တယ်.. ရှေ့ကဖြတ်တယ်.. နောက်က စီနေရတဲ့သူတွေက တစ်နာရီနီးပါးဖြစ်နေပြီ.. ကိုယ်ချင်းမစာကြပါ.. အဲဒီတော့ ကိုယ့်နေရာကို ရှေ့လူ နဲ့ နောက်လူ သက်သေထားပြီး တန်းစီနေရာက ထွက်လိုက်တယ်.. ပြီးတော့ ကြားလာလာတိုးနေတဲ့ လမ်းပေါက်ကို သွားပိတ်လိုက်တယ်.. ဝင်လာတဲ့သူကို မေးတယ်..
ဘယ်သွားမလဲပေါ့.. "လက်မှတ်ဝယ်ဖို့" လို့ ပြောရင် "တန်းစီပါ" လို့ ခပ်မာမာပြောလိုက်တယ်..
"အားလုံးတန်းစီကြတယ်.. ခင်ဗျားလည်း စီပါ" လို့ ပြောလိုက်တယ်.. တချို့ က ပြန်ပြောသေးတယ်..
"VIP ကိစ္စ ကွ" ဆိုပဲ..
ဟဲဟဲ စီခရေဇီကို ဒါမျိုးလာမလုပ်နဲ့
"VIP သေချာရင် ခင်ဗျား ရုံပိုင်ချုပ် ဆီ တန်းပြီးသွား အဲဒီမှာ အပြီးအစီး လုပ်ပေးလိမ့်မယ်.. အများပြည်သူတန်းစီဝယ်တဲ့ နေရာမှာ လူပါးလာမဝနဲ့" လို့ ပြောလိုက်တယ်..
"ပြဿနာထပ်ရှာရင် ဘေးမှာ လုံခြုံရေး ရဲဘော်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေရှိတယ်.. ခေါ်ရှင်းခိုင်းလိုက်ရင် ခင်ဗျား အရှက်ကွဲသွားမယ်"
လို့ ဆိုတော့ အဲဒီကိုယ်တော်ချော မှုန်တေတေနဲ့ လစ်သွားတယ်.. အမှန်ကတော့ သူ ကြားဖြတ်တိုးဖို့ လာတဲ့ အချိန်မှာ ကိုယ်က တားပြီး ပြောနေဆိုနေကတည်းက သူ အရှက်ကွဲပြီးသားပါ.. ရှက်တတ်ရင်တတ်မယ် မရှက်တတ်ရင် မတတ်ဘူး.. သို့သော် VIP လို့ပြောပြီး ကြားဖြတ်တိုးတဲ့ သူက အရပ်ဝတ်နဲ့၊ သူ့ကိုတားတဲ့ စီခရေဇီက အများသူငါလို တန်းစီနေသော်လည်း ယူနီဖောင်းအပြည့်အစုံနဲ့.. ဆက်ပြောရင် တကယ်လုပ်မယ့်ရုပ်ဆိုပြီး လစ်သွားတာ.. တကယ်လို့ လက်သီးလက်မောင်း တန်းလာမယ်ဆိုရင်လည်း အဲဒီအချိန်မှာ ရင်ဆိုင်လိုက်ဖို့ အသင့်ရှိတယ်.. အေးအေးဆေးဆေး အလုပ်မရှုပ်ချင်လို့ တန်းလာစီကာမှ နာရီနဲ့ချီပြီး မကြာသင့်ပဲကြာရတော့ ကိုယ်က စိတ်တိုနေပြီလေ.. ရှင်းလိုက်မယ်လို့ပဲ တွေးထားတယ်..
တစ်ယောက်နှစ်ယောက်နဲ့ ပြဿနာ တက်ပြီးတော့ ကျန်တဲ့သူတွေလည်း တန့်သွားတယ်.. လုံခြုံရေးရဲဘော်တွေလည်း နည်းနည်းတော့ ကွက်ကြည့် ကွက်ကြည့် လုပ်လာကြပြီလေ.. တစ်ယောက်ကလာမေးသေးတယ်.. အစ်ကိုက ဝန်ထမ်းပဲတဲ့ .. ဝန်ထမ်းနည်းလမ်းနဲ့ မဝယ်ဘူးလားတဲ့.. ပြန်ပြောလိုက်ပါတယ်..
"အလုပ်ရှုပ်လွန်းလို့ အေးအေးဆေးဆေး တန်းလာစီတာလို့.."
နောက်ပိုင်းလူတွေ သူ့ဘာသာသူ တန်းဝင်စီကြတယ်.. ဟဲဟဲ ဒီလိုမှပေါ့.. သို့သော် ထင်သလောက် မမြန်သေးဘူး .. ဘာလို့လဲ ..?
သတ်မှတ်ချက်ကတော့ လက်မှတ်ကို ကိုယ်စားမရောင်းပါ.. တဲ့.. စာလေးတောင် ရေးကပ်ထားသေး.. ဒါပေမယ့် ကိုယ့်အရှေ့လူတွေက လူတစ်ဦးထဲ လာစီသော်လည်း ၅ စောင် ၆ စောင် ဝယ်ကြတယ်.. ၊ ဒါကြောင့်ကိုး.. ကိစ္စမရှိပါ.. ကိုယ်လည်း တစ်မိသားစုလုံးအတွက် တစ်ယောက်ထဲ လာဝယ်တာပဲကိုး.. တတ်နိုင်သလောက် နားလည်စွာရောင်းချပေးသော လက်မှတ်စာရေးကြီးကိုတောင် ကျေးဇူးတင်ပါသည်.. နို့မို့ဆို ခရီးတစ်ခါသွားဖို့ ရှိသမျှ မိသားစုအားလုံး ဘူတာဆင်းဝယ်ရမလို ဖြစ်နေတာလေ.. အဲဒါ ဘာကြောင့်လဲ ဆိုတော့ လက်မှတ် မှောင်ခိုကြောင့်ဗျ.. စည်းကမ်းပျက်တော့ စည်းကမ်းချက်တွေထွက်လာတယ်.. ဒါကြောင့် အနေရအထိုင်ရ ကျပ်လာတယ်.. ကိုယ့်အတွေးနဲ့ကိုယ်ဟုတ်နေတာ ကိုယ့်အလှည့်တောင် ရောက်ပါပေါ့လား.. မှတ်ပုံတင်တွေ ကျောင်းသားကတ်တွေကို ထုတ်ပေးရင်း လက်မှတ်စာရေးကြီးကို မျက်နှာချိုသွေးလိုက်တယ်.. ငါးစောင်လုံးရောင်းပေးအောင်ပေါ့.. ဖြစ်နိုင်ရင် တစ်စုထဲရအောင် လုပ်ပေးပါနော်... လို့လည်း အကူအညီတောင်းလိုက်တယ်.. အိုကေသွားပါတယ်.. လူတန်းထဲက ထွက်လိုက်ပြီ တန်းစီနေသော မိဘပြည်သူအားလုံးကို ပြုံးပြလိုက်ပါတယ်.. တချို့ တုံ့ပြန်အပြုံးနဲ့ လက်မထောင်ပြကြတယ်.. တချို့က ဒေါသနဲ့ မျက်စောင်းထိုးကြည့်ကြတယ်.. တချို့ကတော့ မအီမသာမျက်နှာနဲ့ မကျေမနပ်ကြည့်ကြတယ်.. အုပ်စုခွဲကြည့်လိုက်ရင် အမှန်ကိုကြည်ဖြူသူက တစ်စုထဲပါလား.. ဒါပေမယ့် ရိုးသားစွာ ပြောခဲ့ပါမည်.. Hero ဝင်လုပ်သွားတာမဟုတ်ပါ.. အတ္တနဲ့ရင်းပြီး ခံလာရတဲ့အခါကျတော့ ဆန့်ကျင်မိရာက ဖြစ်သင့်တဲ့ အမှန်တရားအတိုင်းဖြစ်သွားတာပါ.. ဘာပဲဖြစ်ဖြစ် မှန်ကန်သွားတဲ့ အဲဒီ တန်းစီချိန်တစ်ချိန်အတွက်ဝမ်းသာပါသည်..
နောက်တစ်နေ့မနက်ကျတော့ မိသားစုတွေ ပြင်စရာရှိတာပြင်ဆင်ပြီး အေးအေးဆေးဆေးပဲ အိမ်က ထွက်လာခဲ့ကြတယ်.. လက်မှတ်က ကိုယ့်အိတ်ထဲမှာ ရောက်နေပြီလေ.. ရထားလာရင် တက်ထိုင်သွားယုံပဲ.. ကလေးတွေက ကားမူးတတ်လို့ဆိုပြီး သူ့မေမေက ပိုးဥကို အမူးပြေဆေး တိုက်ထားတယ်.. ပိုးဥတို့များ အိပ်တာ သိုးနေတာပဲ.. အိမ်ကနေ ကားပေါ်တစ်လျှောက်လုံး ၊ အဲဒီကနေ ဘူတာမှာ ရထားစောင့်ချိန်တလျှောက်လုံး၊ ရထားပေါ်ရောက်တော့လည်း တောင်ငူအထိ တုတ်တုတ်မျှ မလှုပ်၊
အဲ.. လှုပ်နေတာက ပိုးဥရဲ့ မောင်လေးပေါ့.. ဖေဖေက ငပုတို လို့ ခေါ်တယ်.. သူ့မေမေက ကိုခန့်လို့ခေါ်တယ်.. (စိတ်မကြည်ရင်..) ဟဲ့အကောင်.. နွားသားပေါက် လို့လည်းခေါ်တယ်.. ပိုးဥနဲ့ တစ်နှစ်နဲ့ တစ်လ တိတိပဲ ကွာတယ်.. အရမ်း အရမ်းကို ဆော့တာပါပဲခင်ဗျာ.. ငယ်ငယ်တုန်းက မွေးမွေးချင်း ငှက်ဖျားပါလာလို့ ရှင်မယ်လို့တောင်မထင်ခဲ့ဘူး.. ဒါပေမယ့် သူ့ရောဂါအခြေအနေလည်းလွတ်ရော .. ထိန်းမရတော့ပါ.. အလွန်သန်စွမ်းလာတယ်... အမြဲတမ်း ခုန်ပေါက် ထိုးကြိတ်နေတော့တယ်.. အသက် ငါးနှစ်သားမှာ အမြင့် ရှစ်ပေ ကိုးပေ လောက်က ခုန်ချပြီး ညာဘက်မျက်ခုံးကွဲသွားတာ ဆယ့်ရှစ်ချက် ချုပ်ရတယ်.. ကျောင်းက ပြန်လာရင် .. လမ်းတည့်တည့်မပြန်ပဲ .. စမ်းချောင်းလေးထဲကနေလမ်းလျှောက်ရင်း ငါး ပုစွန် ဂဏန်း တွေ့ရာအကုန်ဖမ်းတယ်.. ပြီးတော့ မေမေချက်စားဖို့ဆိုပြီး ပြန်ပေးသတဲ့.. သူ့မေမေအော်ဟစ်ပြီး ဆော်ပလော်တီးတော့သဗျို့... တနေ့တနေ့ အရွယ်နဲ့မမျှအောင် ဆော့လွန်း ဆိုးလွန်းလို့ မကြာခဏ အတိုင်အတော ခံရတယ်.. မိဘအချင်းချင်း လိုက်တောင်းပန်ရတယ်.. ဆရာမတွေဆိုရင် ပိုးဥတို့မောင်နှမ နှစ်ယောက်လုံးကို သိကြတယ်.. တခါလည်း ကျောင်းက ပျားနီအုံ (ပဆုပ်ပနီလို့ခေါ်တယ်..) ကို ကလေးတစ်ယောက်က ခဲနဲ့ပစ်လိုက်တာ.. သူက အဲဒီနား ဆော့နေတော့ ပျားတွေက သူ့ကိုချည်း စုပြုံပြီးတုတ်လွှတ်လို့ ညနေကျောင်းပြန်လာတော့ မျက်နှာက လက်ဝှေ့ကျော် ရွှေဓူဝံနဲ့ ခပ်ဆင်ဆင် တူလာဖူးတယ်.. ဒါပေမယ့် နာတယ်ဖေဖေ.. ထုံးတို့ပေးပါလို့သာပြောပြီး အဆော့က မပျက်ချေတကား.. သူ အကြိုက်ဆုံးကတော့ သားသားလေး လို့ ခေါ်တာကိုပါပဲ.. အဲဒီလိုခေါ်ရင် မျက်နှာက အရမ်းပြုံးသွားတယ်.. ပါးစပ်ကပြဲတော့ ရုပ်က မလှတော့ဘူး.. သူ့ဘွားအေကြီးက ဘဲရုပ်ဆိုးလေးနဲ့ တူတယ်လို့.. ကရုဏာပြောလေးပြောဖူးတယ်.. ဘယ်အရာမဆို တန်းတူရမှ ကြိုက်တယ်.. ကြီး၍ ငယ်၍ ခွဲခြားပြီးပေးရင် လုံးဝ လက်မလျှော့စတမ်း ရအောင်တောင်းတယ်.. ဒါပေမယ့် သူပိုရရင်တော့ အိုကေတယ်.. ငြိမ်နေရောပဲ..
စကားက ဘယ်ရောက်သွားပါလိမ့်..
အဲ ဟုတ်ပြီ.. မငြိမ်တာကတော့ သားသားပါပဲ.. ဘူတာရောက်ကတည်းက သားသားက ခရီးသွားရင် လိမ္မာတယ်.. ဖေဖေနားမှာပဲနေမယ်ဆိုပြီး တွေ့သမျှကို လက်ညှိုးထိုးဝယ်ခိုင်းတော့တာ.. ပြီးတော့ ရထားမလာမချင်း သူ့ကို ဆော့ပေးရတယ်.. သူပြေးရင်ပြေး .. သူခုန်ရင်ခုန်.. ဒါပေမယ့် သူထိုးရင် ကန်ရင် တော့ ကြိတ်ခံရတယ်.. ပြန်ထိုးလို့မှ မရပဲကိုး.. အားပါးပါး ပြင်းလိုက်တဲ့လက်သီး .. ပြင်းလိုက်တဲ့ခြေထောက်..
ဒီလိုနဲ့ပေါ့ကွယ်..
ရွှေနေပြည်က စီခရေဇီတို့မိသားစု နေပြည်တော်ဟုဆိုအပ်သာအရပ်မှ မွန်တို့ဌာန ရာမညသို့ ရထားကြီးစီးလို့ ထွက်ခဲ့ပေါ့..
(ဆက်လက်ရေးသားပါအုံးမယ်...)
Labels: အထွေထွေ
သာမန်အားဖြင့် ကျွန်တော်တို့ ရဲ့ blog တွေမှာ HTML tag တွေကို ရေးသားခွင့် မပြုထားပါဘူး.. Blogger ဟာ HTML tag ကို စာသားအနေနဲ့ လက်မခံပါဘူး.. tag အနေနဲ့ပဲ လက်ခံပါတယ်.. <html> </html> <body>
</body> အစရှိတဲ့ tag တွေကို ပို့စ်မှာရေးပြီး Publish လုပ်လိုက်ရင် မပေါ်လာတာတို့ Error ဖြစ်တာတို့ပေါ့နော်.. အဲဒီတော့ ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေ အမှတ်အသားလေးတွေ သိချင်တာလေးတွေ တိုလီထွာလီ HTML tag တွေကို ဘလော့ပေါ်မှာ ရေးသား ဖော်ပြနိုင်စေဖို့ နည်းလမ်းတွေ အမျိုးမျိုး ရှာကြံခဲ့ကြပါတယ်.. တချို့ကတော့ tag ထဲမှာ အစက်ကလေးတစ်စက်ထည့်ရေးလိုက်တယ်.. ပြီးတော့မှ ပို့စ်ထဲမှာ အစက်မထည့်ပါနဲ့ ဆိုပြီးရေးတယ်.. Google Map Hacking မှာ ကျွန်တော်လည်း ရေးပြခဲ့ပါတယ်.. တချို့ကတော့ textarea tag ကို သုံးပါတယ်.. အဲဒီ tag ကတော့ သူ့သတ်မှတ်ထားတဲ့ ဧရိယာအတောအတွင်းမှာ ကိုယ်ဖော်ပြစေချင်တဲ့စာသားတွေကို Default အနေနဲ့ ထည့်သွင်းလို့ရတဲ့သဘောရှိတော့ အဆင်ပြေပါတယ်.. ဒါပေမယ့် သူလည်း <html> </html> <body> </body> tag တွေ မရဘူးဗျ... Error ပေးတယ်.. အဲဒီတော့ အခု ဒီ ပို့စ်မှာ မင်းရေးနေတာတွေက ဘာလို့ပေါ်သလဲလို့ မေးစရာရှိတယ်..နောက်ဆုံး ရှာတွေ့ထားတဲ့ နည်းလေးတစ်နည်းကြောင့် တော်တော်အဆင်ပြေတာကိုတွေ့ရပါတယ်.. အိုကေ အဲဒါကတော့ tag တစ်ခုရဲ့ ထောင့်ကွင်းအစ နဲ့အဆုံးနေရာမှာအောက်ကပြထားတဲ့အတိုင်းလေး အစားထိုးကြည့်ရအောင်
အဲဒီတော့ body tag ကို blog post editor မှာ ရေးရင် ဒီလိုလေးမြင်ရမယ်ပေါ့..
ဒီနည်းအတိုင်း Blogger Post Editor မှာ လက်နဲ့ရေးရရင်တော့ သိပ်သက်သာမယ်မထင်ဘူးဗျ.. အမှားလည်းများနိုင်တယ်.. သက်သာရာသက်သာကြောင်းလေးရှာရအောင်..
Notepad ကိုဖွင့်မယ်ဗျာ..
ပြီးရင် ကိုယ့်ရိုက်ချင်တဲ့ HTML Tag တွေကို ရိုက်ထည့်လိုက်မယ်.. ပြီးတဲ့ အခါကျတော့ Edit => Replace သို့မဟုတ် Ctrl + H ကို နှိပ်မယ်.. Replace box လေးပေါ်လာတဲ့အခါ Find what : နေရာမှာ ထောင့်ကွင်းအစကိုထည့်ပြီး Replace with : ဆိုတဲ့နေရာမှာ အစားထိုးရမယ့်စာသားလေးကို ရိုက်ပါတယ်.. ပြီးတော့ Replace all ကို နှိပ်ပါမယ်.. ဒါဆိုရင် ထောင့်ကွင်းအစတွေအားလုံးကို သတ်မှတ်စာသားနဲ့ အစားထိုးသွားပါပြီ.. နောက်တခါထပ်ပြီး ထောင့်ကွင်းအပိတ်အတွက်ကို လုပ်လိုက်ပါအုံး.. အားလုံးပြီးသွားပြီဆိုရင်တော့ လက်ရှိ Notepad မှာ ပေါ်နဲ့တဲ့ Code အားလုံးကို Copy ယူပြီး Blogger Post Editor ပေါ်မှာ Paste ချလိုက်ယုံပဲပေါ့ဗျာ.. ကိုင်းအခုဆိုရင်.. အောက်မှာမြင်ရတဲ့အတိုင်း HTML tag တွေ မိမိ Blog ပေါ်မှာ လှတပတ မြင်ရပြီပေါ့..
<html>
<head>
<body>
<p> This is Hacking blogger in writting "HTML TAG".</p>
</body>
</head>
</html>
Labels: နည်းပညာ
ဒီအယ်လ်ဘမ်မှာလည်း တီးလုံး (၉) ပုဒ် ပါပါတယ်.. တချို့က ပလွေနဲ့ ဗုံထောက် ပါတယ်.. တချို့ကတော့ စောင်းသက်သက်..
Labels: သီချင်းလေးများ
ဒီတစ်ခွေက ကျွန်တော့်ဆီမှာရှိတဲ့ စောင်းလှိုင်ဝင်းမောင် (မကွေး) ရဲ့ ဒုတိယမြောက်ခွေပါ.. တီးလုံးသန့်သန့် (၉) ပုဒ်ပါပါတယ်.. နှောင်းခေတ်တေးလေးတွေပါပဲ..
Labels: သီချင်းလေးများ
ကျွန်တော့်မှာ စောင်း လှိုင်ဝင်းမောင်ရဲ့ တီးလုံးသက်သက် Audio သုံးခွေရှိပါတယ်.. မာစတာခွေတွေချည်းပဲ ဝယ်ပြီး Rip ထားတာပါ.. မြန်မာတို့ရဲ့ ငြိမ့်ညောင်းတဲ့ ဂီတကို မြတ်နိုးသော်လည်း ဝယ်ရခက်ခဲတဲ့ဒေသတွေမှာ ရောက်ရှိနေတဲ့ မိတ်ဆွေများအတွက်၊ ဗီဒီယို Editing လိုမျိုး စမ်းသပ် ဆော့ကစားချင်တဲ့ မိတ်ဆွေများအတွက် ဒါမှမဟုတ်လည်း ဘာပဲဖြစ်ဖြစ် တခုခု လုပ်ချင်သူတွေအတွက်ပေါ့ဗျာ..
ဆန္ဒအရင်းခံကတော့ မူရင်း စီဒီကို ဝယ်သုံးစေချင်တာပါ.. မြန်မာဂီတသမားတွေအတွက် တည်မြဲစွာ ရပ်တည်နိုင်ဖို့ပေါ့... သို့သော်.. ဝယ်ရမယ်ဆိုလည်း တော်ယုံနဲ့တော့ ဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်ဘူးဗျ.. ဒါကြောင့် ပြန့်ပွားပါစေဆိုတဲ့ဆန္ဒကိုသာ ဦးစားပေးပြီး တင်ပေးလိုက်ပါတယ်..
Labels: သီချင်းလေးများ
ကြားကာစက နားဝမှာ သိပ်မချိုဘူး... ဘာလို့လဲဆိုတော့ လိုချင်တာက သား လေးလေ.. ဒါပေမယ့် သူ့မေမေက ပင်ပန်းကြီးစွာ မွေးဖွားခဲ့ပေးရတာ.. လောကကြီးထဲရောက်လာတာနဲ့ အုဝဲလို့ငိုရမှာတောင် ပျင်းရှာရော့ထင့်.. သမီးလေးက မငိုပါ.. ငြိမ်လွန်းမက ငြိမ်လွန်းလို့ နာ့စ် မာမီကြီးက အနှီးလေးနဲ့ထုပ် ခေါက်ချိုးလေးခေါက်ပြီး ဇောက်ထိုးဆွဲကာ တင်ပါးကို သုံးလေးချက် ရိုက်လို့ ငိုစမ်း ငိုစမ်း.. ဆိုမှ ငိုသံထွက်လာတယ်.. ထူးထူးခြားခြား ငိုသံက " အငဲ........ " လို့ ကြားရလေတယ်.. မွေးပြီးပြီးချင်း ပါးစပ်တပြင်ပြင်နဲ့ မျက်လုံးလေးပြူးပြီး တောင်ကြည့်မြောက်ကြည့် ကြည့်နေပုံက ကြီးလာရင် စပ်စုစိန်လေး ဖြစ်မှာဆိုတာကို ကြိုတင် နိမိတ်ဖတ်နေတဲ့ပုံ.. ဇာတ်လမ်းတွေ ဝတ္ထုတွေထဲမှာလို ကလေးမျက်နှာမြင်တာနဲ့ သဲသဲလှုပ်သွားတဲ့ ခံစားချက်တော့ မဟုတ်ဘူး.. သြော် .. ငါ ကလေးဖအေဖြစ်သွားပါပေါ့လားလို့ .. ဝမ်းနည်းသလိုလို ဘာလိုလို နာမည်မတပ်နိုင်တဲ့ ခံစားချက်တောင် ဖြစ်သွားသေး.. ဒါပေမယ့် .. ကလေးမျက်နှာပေါ်က အကြည့်ကို လုံးဝ မခွါနိုင်တာတော့ သေချာတယ်.. သူမလေးရဲ့ မိခင်က နာကျင်ဝေဒနာကြောင့် မှိန်းအိပ်နေချိန်မှာ သူမလေးရဲ့ နှုတ်ခမ်းဖျားပေါ် ဂွမ်းစလေး ရေဆွတ်ပြီး တို့ပေးလိုက်တယ်.. အမယ်အမယ် ဘယ်သူမှ မသင်ရပဲ ရေကို လျှာလေးနဲ့ သိမ်းတတ်တာပဲဗျ... အရမ်းသဘောကျသွားတယ်.. ထပ်ကာထပ်ကာ ရေစက်ကလေးများချပေးရင်း.. နှလုံးသားထဲမှာ စိမ့်စမ်းလေးတစ်ခု ဖြစ်ပေါ်လာပေါ့.. ဇော်ဝင်းထွဋ်ရဲ့ သံသရာစမ်းရေ ဆိုတဲ့သီချင်းလေးကို ညည်းရင်း.. နှလုံးသား မြစ်တစ်စင်းမှာ ချစ်ခြင်းအလင်္ကာတစ်ပုဒ် ပေါ်ထွက်လာခဲ့လေသတဲ့...
ဒီလိုနဲ့ပေါ့လေ.. ၂၁ ရာစုရဲ့ ရှေးဦးနှစ်တစ်နှစ်ဖြစ်သော 2001 ရဲ့ ရှေးဦးတစ်လ ဖြစ်တဲ့ ဖေဖော်ဝါရီ 25 ရက်နေ့မှာ သံသရာ စမ်းရေလေးတစ်ပေါက်.. တို့ဘဝထဲရောက်ခဲ့ပေါ့.. ဘာကြောင့်ရယ်မသိ သူမလေးရဲ့မျက်နှာကို ကြည့်ရင်.. ရင်ထဲမှာ စိမ့်စိမ့်လေး အေးတယ်.. ပြီးတော့ ဝါဂွမ်းလေးလိုဖြူတဲ့ သူမလေးကို မွေးတဲ့နေ့မှာ သူတကာကို ပျူငှာစွာ ပေးလှူတာမျိုးလေးတွေ လုပ်ဖြစ်ခဲ့တယ်.. ဒီလိုနဲ့ သူမလေးရဲ့နာမည်ကို " မအေးသဒ္ဓါဖြူ " လို့ နာမည်ပေးလိုက်တယ်..
ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ.. အဘိုးအဘွား ဆွေမျိုးစုံရဲ့အလယ်မှာ မြေးရယ်လို့ ပထမဆုံးရောက်လာတဲ့ကလေးပါ.. ပြုံးလွယ် ရယ်လွယ်ပြီး မျက်နှာချိုတယ်.. အနေအေးတယ်.. လက်မရွေးဘူး.. ဘယ်သူခေါ်ခေါ် ခေါ်ရာလိုက်တယ်.. ပါးစုံ့လေးနှစ်ဘက်က ဖောင်းအစ်နေတယ်.. အသားအရေကအစ ကောက်ညှင်းထုပ်ကလေးလို အရစ်လိုက် တင်းတင်းရင်းရင်းနဲ့ ဖြူ ဆွတ်နေလေတယ်.. ဒါကြောင့် ဆွေမျိုးစုံအလယ်မှာ တကယ်ပဲ သံသရာစမ်းရေလေးပါ.. အိမ်မှာနေရတယ်လို့ကိုမရှိခဲ့ပဲ.. မနက်မိုးလင်းတာနဲ့ ဘိုးဘွားများက ခေါ်သွားကြပြီ.. အဲဒီကတဆင့် ဘကြီးနဲ့ကြီးဒေါ်.. ဦးလေး လူပျိုကြီးများ.. ဘိုးဘွားတို့ရဲ့ အစ်ကိုကြီးဖြစ်တဲ့ ဖိုးဖိုးကြီးတို့ဇနီးမောင်နှံ .. သူမလေး အိမ်ပြန်ရောက်ချိန်ဟာ နေ့လည် ၂ နာရီဆိုတာ ပုံမှန်ပဲ.. မိခင်က နို့တိုက်ဖို့ အိမ်တကာစေ့ လျှောက်လိုက်ပေးရတယ်.. ပိုးကောင်လေးလို ဥထားလို့ သူမလေးကို ပိုးဥ လို့ ခေါ်ကြတယ်..
ဒီလိုနဲ့ ကံကြမ္မာစေရာ တပြည်တစ်ရွာသို့ရောက်ခဲ့ပေါ့.. သူမလေးလည်း မပီကလာပီကလာ စကားတီတာ အရွယ်တွေကိုကျော်ဖြတ်လို့.. ကျောင်းတော်မှာ စာသင်ရတဲ့အရွယ်ထိ ရောက်လာပေါ့.. ကျောင်းနေတော့လည်း နာမည်လေးက ဆန်းနေလို့တဲ့ ကျောင်းအုပ်ကြီးကအစ သူမလေးကို သိတယ်.. ပြီးတော့ ဆရာမလေးတွေလည်း ကောင်းကောင်းမှတ်မိတယ်.. ဘာလို့လဲဆိုတော့ စိတ်ညစ်ရလို့တဲ့လေ.. ကလေးတွေအားလုံးစာငုံ့ရေးနေတဲ့အချိန်မှာ သူမလေးကတော့ စာရေးရင်း သီချင်းဆိုနေတာကြောင့် တခြားကလေးတွေလည်း သီချင်းလိုက်ဆိုကြတော့ စာသင်ခန်းလေးထဲမှာ အမြဲတမ်း တေးသံလေးတွေ လွင့်နေရသတဲ့.. ဆရာမ စာသင်တော့မယ်ဆိုရင် တော်ယုံနဲ့ ရပ်လို့မရဘူး .. တဲ့.. ကျောင်းလွှတ်ချိန်ဆိုတာ သူမ ခေါင်းထဲမှာ အရေးမကြီးပါ.. သင်ပုန်းမှာရေးထားတဲ့ စာတွေကို သီချင်းလေးညည်းရင်းလိုက်ကူးနေတာ မပြီးနိုင်ပဲ.. ကျောင်းလွှတ်လို့ လေးဆယ့်ငါးမိနစ်လောက် ဆရာမက စောင့်နေရသတဲ့.. အပြင်မှာ ကြိုနေတဲ့ မေမေကလည်း သမီးလေးမတွေ့လို့ ကျောင်းထဲလိုက်သွားတော့ စိတ်ညစ်နေတဲ့ဆရာမနဲ့ တေးဆိုနေတဲ့ ငှက်ကလေးကို တွေ့ရသတဲ့.. မေမေကိုတွေ့တော့ ခနလေးနော်.. သမီးစာမပြီးသေးဘူး ဆိုပြီး ဆက်ရေးနေသတဲ့...
ခုနှစ်တော့ ပိုးဥလေး .. ဒုတိယတန်းရောက်ပြီ.. ကြီးကောင်ဝင်လာတော့ ရုပ်လေးလည်း ပြောင်းသွားပြီ.. မော်ဒယ်လ် လုပ်မလို့တဲ့... ဝဝတုတ်တုတ်လေး မဖြစ်ချင်တော့ဘူးတဲ့.. သမီးကို ဝတုတ်မလေး လို့ ခေါ်ကြလို့တဲ့... တကယ်ပဲ.. ပိန်သွယ်သွယ်လေး ဖြစ်သွားတယ်... မိဘဆိုတာကတော့ ဝဝကစ်ကစ်လေးပဲ ဖြစ်စေချင်တာလေ.. ဒီနှစ်ကတော့ စုံညီပွဲတော်မှာ မင်္ဂလာပါဆိုတဲ့ တေးနဲ့ ကရမယ်တဲ့.. သမီးလေးက မကချင်ဘူးဟုတ်လားလို့.. လိမ်ပြီးမေးတော့ က မှာ.. တဲ့ ဘာပဲဖြစ်ဖြစ်ပါ.. ဆန္ဒအတိုင်း ခွင့်ပြုခဲ့ပါတယ်.. သူမလေးရဲ့ဘဝမှာ လိုချင်တာမှန်သမျှ မိဘက မတတ်နိုင်တာတောင် သူ့အလိုလို ရောက်လာ/ဖြစ်လာခဲ့ရတာချည်းပဲ.. မှတ်မှတ်ရရဖြစ်သွားအောင် .. ဓါတ်ပုံလေးတွေရိုက်ပေးခဲ့တယ်.. အဲဒီထဲက လှတာလေးတွေကို ဖေဖေက ထပ်ပြင်ပေးလိုက်ပြီး အမှတ်တရ ပုံလေးတွေအဖြစ် သိမ်းထားလိုက်တယ်.. သံသရာစမ်းရေလေး.. ဆုံးတစ်သက်တိုင် ပျော်ပါစေ...
Labels: အထွေထွေ
အသံသွင်းပြီး နောက်တစ်နေ့မှာ ရွှေညီအစ်ကိုတို့က ဆိုလာပါတယ်.. တွေ့ဆုံပွဲမလုပ်မီက သူတို့ ကျင်းပခဲ့တဲ့ ဖြစ်မြောက်ရေး အစည်းအဝေးကို တစ်ခန်း ထည့်ချင်ပါတယ်တဲ့ .. သြ .. ခက်ပြီပေါ့.. ဘာခက်ရမှာလဲ.. အစည်းအဝေးတစ်ခု ပြန်လုပ် အဲဒါကို ဗီဒီယို ရိုက်.... ပြီးရင် အရှေ့ဆုံးကထည့်ပေါ့.. ဟဲဟဲ.. ဒါနဲ့ နောက်တစ်ရက်မှာ သူတို့ အစည်းအဝေး (အတု) တစ်ခု လုပ်ကြတယ်.. ဒါပေမယ့် ဆွေးနွေးတာတွေကတော့ အစစ်ပဲ.. နောင်နှစ်ခါလုပ်ကြမယ့်ကိစ္စတွေကို ဆွေးနွေးကြတယ်.. အဲဒါနဲ့ ဆက်ရိုက်ကြတယ်ပေါ့လေ..အဲဒါနဲ့ ရက်နည်းနည်းကြာသွားတယ်.. ပြီးတော့ ဗီဒီယိုတည်းဖြတ်ရေးလုပ်ငန်းတွေလုပ်မယ်ကြံတော့ စစချင်းမှာပဲ.. နောက်ခံအသံမှာ ပြောထားတဲ့ စကားတချို့အတွက် နေပြည်တော်ရှုခင်းတွေ မရှိဘူးဖြစ်ပြန်တယ်.. ဘာရမလဲ.. ရုံးပိတ်ရက်တစ်ရက်ဆိုင်ကယ်နဲ့ အပြင်ထွက်ပြီး နေပြည်တော်တပတ် အလှဆုံးနေရာတွေ ရွေးရိုက်ပစ်လိုက်တယ်.. (မပိုင်လား...) ကဲ ဟုတ်ပြီ ခွေကို ဆက်လက်တည်းဖြတ်ရအောင်ဆိုပြီး တတ်သမျှ မှတ်သမျှနဲ့ ကြိုးစားပမ်းစား လုပ်ခဲ့ပါတယ်.. သူတို့လည်း ကျေနပ်ကြပါတယ်.. ပြီးခါနီးတော့ ကျေးဇူးတင်လွှာလေး ထည့်ချင်ပါသတဲ့.. အိုကေ.. ထည့်ပေးရမှာပေါ့.. ကြိုက်တဲ့စာသားကိုရေးခဲ့ပါ.. ဒါနဲ့ တစ်ရက်လောက် ထပ်ကြာသွားတယ်.. နောက်တစ်ရက်ကျတော့ .. သူတို့ရွှေညီအစ်ကိုတွေရဲ့ လိုင်စင်ပုံလေးတွေယူလာပြီး မှတ်တမ်းအဖြစ် ထည့်ချင်သေးပါသတဲ့.. (တိန်...) ကဲပါ.. မထူးပါဘူး လုပ်မှလုပ်တော့လည်း ကောင်းကောင်းလေးပေါ့ ဆိုပြီး ပုံလေးတွေကို Scan ထိုးပြီးသကာလ PhotoShop နဲ့ ပြင်.. ပြီးတဲ့အခါကျတော့ Card Design လေးတစ်ခုဆွဲ.. အဲဒီပေါ်မှာ ဓါတ်ပုံလေးတွေကို တစ်ကတ် တစ်ပုံနှုန်းနဲ့ စီလိုက်တယ်.. ပြဿနာက တချို့ ရွှေညီအစ်ကိုတွေရဲ့ ဓါတ်ပုံတွေက မရောက်လာသေးတာတို့ မရိုက်ရသေးတာတို့ပေါ့.. ဒါနဲ့ ရက်နည်းနည်း ထပ်ကြာသွားတယ်.. ကဲ အားလုံးပြီးပါပြီဆိုတော့ ဗီစီဒီခွေ ထုတ်မယ်ပေါ့... ဆိုပြီးကြည့်လိုက်တော့ .. ကြာချိန်က မိနစ် (၇၀) ကျော်နေတယ်.. ဗီစီဒီ တစ်ချပ်မကတော့ဘူး.. တေရော.. နှစ်ချပ်ဆိုရင်လည်း လူခြောက်ဆယ်လောက်ကိုဖြန့်မှာဆိုတော့ ငါးမိနစ်လောက်ပိုတာနဲ့ ခွေတစ်ချပ်ပိုရရင် ငွေရေးကြေးရေးက စကားပြောစရာဖြစ်အုံးမယ်.. ဒါနဲ့ ရွှေညီအစ်ကိုတွေနဲ့တိုင်ပင်ပြီး တချို့အခန်းလေးတွေကို တိုပစ်လိုက်ကြတယ်.. နောက်ဆုံးရချိန်က ၆၅ မိနစ်... ဗီစီဒီတစ်ခွေစာပေါ့... ဒါတောင် ဒီကြားထဲမှာ.. Computer ရဲ့ Error တချို့ဖြစ်တာတွေ စီခရေဇီ မကျွမ်းကျင်လို့ ပြဿနာတွေ ဖြစ်တာတွေ ရှိသေးတယ်.. ဒါနဲ့ ရက်နည်းနည်း ထပ်ကြာသွားတယ်.. နောက်ဆုံး ပြီးပါပြီဆိုတော့ ဗီစီဒီ ထုတ်ယူပြီး ရွှေညီအစ်ကို အမှုဆောင်တွေကို ပြပြီး သုံးသပ်စစ်ဆေးကြပါတယ်.. အဲဒီမှာတင် နောက်ဆုံး ဖြစ်ချင်တဲ့ အတိုင်းအတာလေးတွေ ထွက်လာတယ်ပေါ့.. အသံလေးကို ဘယ်လိုပြင်စေချင်တာ ဘယ်နေရာလေးကို ဘယ်လို လုပ်လိုက်စေချင်တာပေါ့.. နောက်တစ်ခုက MPG ဖိုင်တွေကို တစ်ခါပြီးတစ်ခါ Export လုပ်တာများလာတော့ ဗီဒီယိုရုပ်ပုံတွေက သိပ်မကြည်တော့ဘူး ဝါးတားတားဖြစ်လာတယ်.. ကဲ..မထူးပါဘူး.. နောက်ဆုံးသုံးသပ်ချက်အရ အတည်ပြုထားတဲ့ ပြင်ဆင်ချက်တွေကို ပြင်ရမှာပဲဆိုတော့ အစကနေပြန်လုပ်မယ်.. ဒါမှ ကွာလတီ ကောင်းကောင်းပြန်ရမယ်.. ဒီလောက်လုပ်လာပြီးမှ အပြောမခံနိုင်ဘူး.. ဆိုပြီး လုပ်ပါလေရော.. ဒါနဲ့ ရက်နည်းနည်း ကြာသွားတယ်..
ဒီနေ့တော့ပြီးသွားပါပြီ.. နောက်ဆုံး ဗီစီဒီခွေကို ထုတ်ပေးလိုက်နိုင်ပါပြီ.. ဒါပေမယ့် ဗီစီဒီရဲ့ ကာဗာမှာ ကပ်ဖို့အတွက်တဲ့ ကာဗာလေး ရိုက်ချင်သေးတယ်တဲ့.. မှတ်တမ်းဓါတ်ပုံလေးတွေထဲက သင့်တော်ရာလေးတွေနဲ့ ကာဗာဒီဇိုင်းဆွဲပေးအုံးနော်တဲ့.. ရက်နည်းနည်း ထပ်ကြာသွားပြီပေါ့ဗျာ...
Labels: အထွေထွေ
Labels: Wallpaper
ဒီအယ်လ်ဘမ်ကတော့ တော်တော်ကို အရည်အသွေးမြင့်တဲ့ပုံတွေပါ.. ပုံမှန် Wallpaper တွေထက်ကို အရည်အသွေးမြင့်ပါတယ်..
Labels: Wallpaper
Labels: Wallpaper
ဒီအယ်လ်ဘမ်လေးကတော့ ကားတွေချည်းသက်သက် စုထားတာလေ.. အိမ်မှာ သင်တန်းလာတက်တဲ့ ကလေးတွေကို ဓါတ်ပုံ Cutting တွေ လုပ်နည်းသင်တဲ့အခါ ဒီပုံတွေနဲ့လေ့ကျေင့်ခိုင်းရတာလေ..
Labels: Wallpaper
Labels: Wallpaper
ပစ်ထားတာလည်း ကြာလှပါပြီ.. အခုတော့ စိတ်ပါလက်ပါ ပြင်လိုက်ပါတယ်.. ဒီဇိုင်းလေးလည်း နည်းနည်းပြင်လိုက်တယ်... ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော် ရေးဖြစ်ခဲ့တဲ့ " ဗိုင်းရပ်စ်များနဲ့ ကခုန်ခြင်း " ဆိုတဲ့ စာစောင်လေးကို သင့်တင့်တဲ့ တစ်နေရာ တင်ဖို့ဟာ ပီဒီအက်ဖ် ဖိုင်မပြောင်းဖြစ်တာနဲ့ မနက်ငါးနာရီလောက်မှာ ဇင်ကိုလွင်ကို အကူအညီတောင်းပြီး ပြောင်းခိုင်းတယ်.. ကျွန်တော်တို့ ညီအစ်ကို ဒီည တစ်ညလုံး စကားပြောဖြစ်ကြတယ်.. အခု မိုးလင်းကာနီး ဒီပို့စ်တင်တဲ့အချိန်အထိပေါ့.. PDF ဖိုင်ပြောင်းပါ့မယ်ဆိုမှ သူ့ Software က ကြောင်နေသေးတယ်.. ညီလေးက ကြိုးစားပမ်းစားတော့လုပ်ပေးရှာပါတယ်.. ဒါပေမယ့် ကျွန်တော်လည်း စောင့်ရင်းနဲ့ Adobe Acrobat 9 ရဲ့ Crack ကို တွေ့သွားတာနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ပြောင်းလိုက်တော့တယ်..
စကားက ပြောရင်းနဲ့ လိုရင်းမရောက်နိုင်တော့ဘူး.. ဒီလိုပါ.. ခုတလော.. ဗိုင်းရပ်စ်တွေ ကျွန်တော်တို့ ဒေသမှာ တော်တော်ထိကြတယ်.. အင်တာနက်ချိတ်ဆက်ထားတာလည်း နည်းတဲ့အခါကျတော့ Antivirus အကြောင်းတို့၊ Antispyware အကြောင်းတို့ သိပ်မသိကြဘူး.. ပြီးတော့ Update လုပ်ရတယ်ဆိုတာလည်း သိပ် နားမလည်ကြဘူး.. ကိုယ့်ကိုယ်ကို လုံခြုံအောင် မကာကွယ်နိုင်ကြဘူး.. ဆိုတော့ ခနခန ဒုက္ခရောက်ကြရတယ်.. သူငယ်ချင်းတချို့က ကွန်ပျူတာကို လာပြင်ခိုင်းကြတယ်.. တချို့ကတော့ သတ်နည်းမေးတယ်.. တချို့ကတော့ Data တွေ အဆုံးခံပြီး သက်ဆိုင်ရာမှာ ဝင်းဒိုးပြန်တင်ခိုင်းကြတယ်.. ဖောမတ်ရိုက်ခိုင်းကြတယ်.. ဗိုင်းရပ်စ်တွေက ခနခန ထိလွန်း၊ သူငယ်ချင်းတွေက ခနခန မေးကြလွန်း၊ ကိုယ့်မှာလည်း ဖြေရလွန်းလို့ မထူးတော့ပါဘူးဆိုပြီး.. စာစောင်လေးတစ်စောင်တော့ ရေးလိုက်တယ်.. နှစ်ရက်သုံးရက်လောက် ရိုက်လိုက်ရတယ်..။ MZ က မောင်စည်သူအောင်နဲ့ Saturngod တို့ကို ပြကြည့်တယ်...။ ဘာမှမဝေဖန်ပေးသေးဘူး .. ရေးလက်စညမှာတော့ (စိန်စိန်) စိန်ကုလား(တာဝတိံသာဖိုရမ်) က တော်တော်လေးကို ဝိုင်းဝန်းပြုပြင်ပေးတယ်..။ ကျွန်တော့်ရည်ရွယ်ချက်က သူငယ်ချင်းတွေ ရုတ်တရက် ဗိုင်းရပ်စ်ထိသွားရင် ထိခိုက်မှုများတတ်တဲ့နေရာလေးတွေကို သိဖို့ ၊ ကာကွယ်တတ်ဖို့နဲ့ ထိခိုက်မှုဖြစ်ပြီးရင် ပြန်ကုစားတတ်စေဖို့ ရည်ရွယ်ရေးပါတယ်။ အဆင့်မြင့်လွန်းတဲ့ဗိုင်းရပ်စ်တွေတော့ မပြောတတ်ပါဘူး.. ကြုံဖူးသမျှကိုတော့ ဒီအတိုင်း ကစ်ခဲ့တာချည်းပါပဲ.. ။ အခု လိုအပ်မယ့် သူငယ်ချင်းများစွာအတွက်၊ သုံးသပ်ဝေဖန်ပေးမယ့် ဆရာများအတွက်၊ ဖြည့်စွက်ပေးမယ့် စေတနာရှင်များအတွက် ဖတ်လို့ရအောင် တင်ပေးလိုက်ပါပြီ..
Labels: Downloads